စစ်ရှောင်စခန်းများမှ တက္ကသိုလ်ဝင်တန်းများကို အခမဲ့ပညာသင်ကြားပေး

By Development Media Group (DMG)/ June 17

ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသော စစ်ရှောင် တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများကို စစ်တွေမြို့၊ ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီမှ ဦးဆောင်ပြီး အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့်အဝတ်အထည်နှင့် သင်ထောက်ကူပစ္စည်းများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကူညီပေးနေသော်လည်း စားဝတ်နေရေးပိုင်းတွင် အခက်အခဲတချို့ရှိသည်ဟု ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီမှ ပညာရေးအထောက်ကူပြုကော်မတီ တာဝန်ခံ ဦးအောင်ကျော်သိန်းက DMG သို့ ပြောသည်။

“စာအုပ်၊ စာတမ်းတွေနဲ့ အဝတ်အထည်တွေကိုတော့ တချို့အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပံ့ပေးထားတယ်။ အဓိက အခက်အခဲရှိနေတာက စားရေးသောက်ရေးပါ။ ကျောင်းသားတစ်ယောက်ကို တစ်လကို ခြောက်သောင်းနဲ့ စားစရိတ်အတွက် စေတနာရှင်တွေ၊ အလှူရှင်တွေဆီက ကောက်ခံပြီးတော့ လက်ခံထားပါတယ်။” ဟု ပြောသည်။

လက်ရှိ ကျောင်းတက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူများမှာ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များမှ စစ်ရှောင်လာကြသူများဖြစ်သည်။

တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ရသေ့တောင်မြို့နယ်မှ ကျောင်းသူ မသန်းအေးနွယ်က “အခုလောလောဆယ်ကတော့ အလှူရှင်တွေရှိနေတဲ့အတွက် ကျောင်းတက်ရတာအဆင်ပြေတယ်။ အလှူရှင်တွေမရှိရင် ကျွန်မတို့အခက်အခဲရှိနိုင်တယ်။ ကျောင်းကတော့ လိုအပ်တာ အကုန်လုံးပေးထားတယ်။ နေမကောင်းရင်လည်း ဆေးရုံ၊ ဆေးခန်းတွေကို လိုက်ပို့ပေးတာရှိတယ်” ဟု ပြောသည်။

ရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၃၈ ဦးရှိပြီး မောင်တောမြို့နယ်၊ နံ့သာတောင်ပရဟိကျောင်းတွင်လည်း ဆင်းရဲနွမ်းပါးသည့် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်ကို အခမဲ့ပညာသင်ကြားပေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့က အခြေခံပညာကျောင်းများကို တစ်နိုင်ငံအနေဖြင့် ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်တွင် ကျောင်းတက်သူ ၉၇ ရာခိုင်နှုန်းအထိရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသော်လည်း  စစ်ဘေးရှောင်စခန်းများမှ ကျောင်းနေအရွယ် ကလေး ၃၀ ရာခိုင်နှုန်းမှာ ကျောင်းမတက်ရောက်နိုင်သေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စစ်တမ်းများအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2040147642804303

Leave a Reply

Your email address will not be published.