စစ်တွေလေဆိပ်သို့ဆင်းသက်မည့် လေကြောင်းလိုင်းအချို့ မိုးလေဝသအခြေအနေကြောင့် ဝေဟင်ပေါ်တွင် နာရီဝက်ခန့် ပျံဝဲနေခဲ့ရ

By Narinjara/ 2021 June 19

ချစ်အိလှိုင်

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ယနေ့ နံနက်ပိုင်းက ဆင်းသက်မည့် လေကြောင်းလိုင်းတချို့မှာ မိုးလေဝသအခြေအနေကြောင့် ဆင်သက်ရန် ခက်ခဲခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေလေဆိပ်သို့ဆင်းသက်ရန်ခက်ခဲခဲ့သည့်လေကြောင်းလိုင်းများမှာ Myanmar Airway International၊ Myanmar National Airlines ၊ Golden Myanmar Airlines ၊ Man Yadanarpon Airlines နှင့် Air Thanlwin တို့ဖြစ်ကြသည်။

ထိုလေကြောင်းလိုင်းများမှာ ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ရာသီဥတုဆိုးဝါးမှုကြောင့် စစ်တွေလေဆိပ်သို့ မဆင်းသက်နိုင်ခဲ့ဘဲ ဝေဟင်ပေါ်တွင် နာရီဝက်ခန့်အကြာ ပျံသန်းနေခဲ့ရသည်ဟု စစ်တွေလေဆိပ်တာဝန်ခံကိုကျော်စိုးက နိရဥ္စရာသတင်းဌာနအားပြောသည်။

“ကျွန်တော်တို့စစ်တွေဘက်က ရာသီဥတုကိုစောင့်တာပါ။ မနက်က ပင်လယ်အထက်က အကြာကြီးပတ်နေခဲ့တဲ့ လေယာဉ်က Myanmar Airway International ပါ။ အခုဆင်းလို့ပြန်လို့ တက်သွားပါပြီ။ နာရီဝက်လောက်ပတ်နေခဲ့ရတာပေါ့။ သူဆင်းပြီးတော့ နောက်ကသုံးစီးက တောက်လျှောက်ပါလာတယ်။ မိုးရာသီက နှစ်တိုင်းဒီလိုပါပဲ။ ခရီးသည်အန္တရာယ်ကင်းပါတယ်။” ဟုပြောသည်။

ယနေ့နံနက် ၁ဝ နာရီကျော်ခန့်က Myanmar Airway International လေယာဉ်ဖြင့်စီးနင်းလိုက်ပါလာသူ အမျိုးသမီးတစ်ဦးကလည်း လေယာဉ်ပေါ်တွင် တစ်စုံတရာစိုးရိမ်စရာမရှိခဲ့ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်တွင် လွန်ခဲ့သည့် ဇွန်လ ၁၄ ရက်နေ့မှစ၍ မိုးလေဝသအခြေအနေကြောင့် ရေကြောင်းလိုင်းတချို့ကိုလည်း ယာယီပိတ်ထားခဲ့ရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက် ၇ နာရီအချိန်တိုင်းထွာချက်များအရ ရခိုင်ပြည်နယ်တွင် ဒေသအလိုက်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတမ်းတလျှေက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတရံမိုးသက်လေပြင်းများကျရောက်ပြီး လိုှုင်းကြီးကာမိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည်တစ်နာရီ ၃၅ မိုင်မှ ၄ဝ အထိတိုက်ခတ်နိုင်ကြောင်းလည်း မိုး/ဇလက ထုတ်ပြန်ထားသည်။

https://www.facebook.com/narinjara.info/posts/4423465734332136

Leave a Reply

Your email address will not be published.