By Western News/ 2021 June 28

စစ်တွေမြို့၊ အိုးတန်းရပ်ကွက်ရှိ အိုးတန်းမူလတန်းလွန်စာသင်ကျောင်းရှေ့တွင်ဇွန်လ ၂၈ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီကျော် အချိန်ခန့်တွင် ရခိုင်မျိုးချစ်ပါတီ(APP)၏ ဥက္ကဌဟောင်း ဦးဇော်ဝင်းထွန်းကို လက်နက်ကိုင်ဆောင်ထားသည့်လူ တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်သက်သေများက Western News ကိုပြောသည်။
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် ဦးဇော်ဝင်းထွန်းမှာ သမီးဖြစ်သူအား ကျောင်းသို့လာပို့နေစဉ် လက်နက်ကိုင် ဆောင်ထားသည့် လူ ၇ ဦးခန့်က ၎င်း၏ နောက်ကျောကိုသေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးလိုက်ပြီး ကားတစ်စီး ဖြင့်ခေါ် ဆောင်သွားခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားနေသည့်နေရာ၌ ရှိနေသည့် မျက်မြင်သက်သေတစ်ဦး ကပြောသည်။
“ သူက ၁ နာရီကျော်လောက်မှာ သမီးကို ကျောင်းကိုပို့လာတာ။ အဲဒီအချိန်မှာ လက်နက်နဲ့လူ ၇ ယောက်လောက်က သူ့ရဲ့ နောက်ကျောကိုသေနတ်နဲ့ထောက်ပြီးတော့ ဖမ်းတယ်။ ပြီးတော့ သူ့ကိုကားတစ်စီးနဲ့ခေါ်သွားတယ်”ဟု ပြောသည်။
အဆိုပါဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်၍ စစ်တွေမြို့အမှတ်(၁) ရဲစခန်းမှ စခန်းမှူးက” ဖမ်းသွားတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့မသိသေးပါဘူး။ ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ရခိုင်မျိုးချစ်ပါတီ(APP)ကို စတင်တည်ထောင်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ၎င်းပါတီ ကို ဖျက်သိမ်းကာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)နှင့် ပူးပေါင်းသွားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/319262179880293