By Development Media Group (DMG)/ June 16

စစ်တွေမြို့ မြို့မစျေးကြီးအတွင်းရှိ ပျံကျစျေးသည်များကို စျေးအနီးရှိ BXT ဆိပ်ကမ်းမြေယာပေါ်တွင် အသစ်ဆောက်လုပ်ထားသော စျေးသစ်သို့ ပြောင်းရွှေ့ထားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
စစ်တွေမြို့မစျေးရှိ ငါးစျေးတန်းသို့ ဝင်သည့်လမ်းတစ်လျှောက်တွင် ရောင်းချနေသည့် ကုန်စိမ်းစျေးသည်များ ကို ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ကစတင်ကာ BXT ဆိပ်ကမ်းရှိ မြေနှစ်ဧကပေါ်တွင် နေရာချထားပေးနေကြောင်း သူကဆိုသည်။
“စျေးသည်တွေက လမ်းဘေးဝဲယာမှာ အဖီတွေထိုးပြီး ရောင်းနေကြတော့ လမ်းသွားလမ်းလာတွေအတွက် အဆင်မပြေဘူးဖြစ်လာတယ်။ ဒါကြောင့် စျေးအတွက်ရထားတဲ့ မြေဘက်ကိုပြောင်းလိုက်တာ။ သွားရေးလာရေး အဆင်ပြေဖို့ရယ်။ သန့်ရှင်းသာယာလှပဖို့ရယ်။ နောက်ပြီး မီးဘေးအန္တရာယ်အတွက်ပါ အကုန်ခြုံငုံပြီးရွှေ့ပေး ဖြစ်တာပါ” ဟု ဦးသန်းထွန်းက ရှင်းပြသည်။
အသစ်ဆောက်လုပ်ထားသည့် ဆိုင်ခန်းပေါင်း ၅၇၆ ခန်းတွင် လက်ရှိ ကုန်စိမ်းရောင်းချနေသူများကို ဦးစွာနေရာချထားပြီဖြစ်ကာ ကျန်သည့် ဆိုင်ခန်းများကိုလည်း တဖြည်းဖြည်း နေရာချထားပေးသွားမည် ဖြစ်ကြောင်း သူကဆိုသည်။
“စျေးအတွင်းပိုင်းမှာလည်း ပျံကျစျေးသည်တွေရှိတယ်။ သွားလာမရ ကျပ်တည်းနေတဲ့ ဆိုင်ခန်းတွေရှိတယ်။ အဲ့ဒီဆိုင်ခန်းတွေကိုလည်း ရွှေ့သွားဖို့ရှိတယ်။ အခုတော့ ကုန်စိမ်းတန်းတွေကို ရွှေ့ပြီးသွားပြီ ကျန်တာတွေကို ဖြည်းဖြည်းချင်းရွှေ့ဖို့အတွက် ညွှန်ကြားထားတယ်။ အကုန်လုံးဝုန်းဒိုင်းဆိုပြီး ရွှေ့ရင် မနိုင်မနင်းဖြစ်မှာစိုးလို့ပါ ” ဟု ၎င်းကပြောသည်။
အဆိုပါစျေးသစ်ရှိ ဆိုင်ခန်းများကို တစ်ခန်းလျှင် ငွေကျပ် သိန်း ၂၀ နှုန်းဖြင့် ဆိုင်ပိုင်ရှင်များက ထည့်ဝင်သည့်ငွေဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သူကဆိုသည်။
ယခုရွှေ့ပြောင်းပေးထားသည့်နေရာသစ်မှာ စျေး၏အတွင်းဖြစ်သည့်အတွက် ဝယ်ယူသူမရောက်သဖြင့် မရောင်းရဘဲ ဟင်းသီးဟင်းရွက်များ ပုပ်သိုးမှုများရှိနေကြောင်း စျေးအသစ်တွင် ရောင်းချနေသည့် ဟင်းသီးဟင်းရွက်ရောင်းနေသူ ဒေါ်မချေကပြောသည်။
“အခုလို အမိုးအကာနဲ့ ရောင်းချရတဲ့အတွက် ကျေးဇူးတော့တင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဟင်းသီးဟင်းရွက်တွေဆိုတာက လူမြင်မှ ဝယ်ကြတာလေ။ အခုဟာက ကျွန်မဆိုင်ခန်းက အတွင်းပိုင်းရောက်နေတော့ အရင်က တစ်ရက် လေးငါးသောင်းဖိုးလောက်ရောင်းရတဲ့နေရာမှာ အခု တစ်သောင်းဖိုးတောင်မရောင်းရတော့ဘူး” ဟု သူကဆိုသည်။
ယခုစျေးသစ်သို့ ပြောင်းရွှေ့ရမည့်သူများမှာ မိမိတို့သတ်မှတ်နေရာများသို့ လာရောက်ရောင်းချခြင်း မရှိသေးသည့်အတွက် စျေးသစ်တွင် စျေးဝယ်သားများမရှိဘဲ လူအနည်းငယ်သာရှိနေကြောင်း အလှကုန်ပစ္စည်းရောင်းချသူ မနွယ်နွယ်ဦးက ပြောသည်။
“အခုက ဆိုင်ခန်းတွေမှာ အကုန်ဟောင်းလောင်းပေါက်တွေဖြစ်နေတယ်။ ပြီးတော့ လူတွေလဲမလာကြဘူး။ အရင်တုန်းက တစ်ရက်ကို သုံးသိန်းဖိုးလောက်ရောင်းရပေမယ့် အခုကျတော့ စျေးဦးတောင် မပေါက်တာ နှစ်ရက်ရှိပြီ။ ကျွန်မတို့ကတော့ ဖြစ်နိုင်ရင် အရင်နေရာမှာပဲ ပြန်ရောင်းချင်ပါတယ်။” ဟု သူကဆိုသည်။
ယင်းအပြင် ဈေးသစ်အဆောက်အဦးတွင် ရေမြောင်းများရှိသော်လည်း ပိတ်ဆို့နေ၍ ရေအိုင်များဖြစ်ပေါ်နေခြင်း၊ အဆောက်အဦးသို့အဝင်လမ်းမှာလည်း ပျက်စီးသွားသည့်ကုန်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ထားခြင်း၊ အမှိုက်ပုံးများမရှိခြင်း၊ ဈေးဝယ်သူများ၏ ဆိုင်ကယ်၊ စက်ဘီး၊ ဆိုက္ကားများရပ်နားရန် နေရာမရှိခြင်းတို့ကြောင့် သန့်ရှင်းသပ်ရပ်မှု အလွန်အားနည်းသည်ဟု ဈေးဝယ်လာသူအမျိုးသမီးဦးက ထောက်ပြပြောဆိုသည်။
ယခုဖွင့်လှစ် နေရာချထားပေးလိုက်သည့် စျေးသစ်ကို ၂၀၂၀ ခုနှစ် ဇွန်လဆန်းပိုင်းက စျေးသူစျေးသားများ၏ ထည့်ဝင်ငွေဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကာ အဆောင်ပေါင်း ၁၀ ဆောင်နှင့် ဆိုင်ခန်း ၅၇၆ ခန်းပါဝင်ကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2039284069557327