စစ်တွေတွင် သေနတ်ပစ်ခံရ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

By Narinjara/ 2021 June 19

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ညနေပိုင်းက သေနတ်ပစ်ခံရ၍ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဓူဝံလမ်းနေ အသက် ၅၂ နှစ်အရွယ်ရှိ ဦးညွန့်စိုးအောင် (ခေါ်) ဦးမဲကလောင်ဖြစ်သည်။

သူ့ကို ယင်းရပ်ကွက်အတွင်းရှိ မီးခြစ်စက်လမ်းတွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့်က အမည်မသိလူတစ်စုက ရင်ဝအား သေနတ်ဖြင့် အနီးကပ် ပစ်ခဲ့သည့်အတွက် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“လူ ၈ ယောက်လောက်လာပြီး ရင်ဝကို သေနတ်နဲ့ပစ်ပြီးတော့ ထွက်ပြေးသွားကြတယ်။ သေနတ်ဒဏ်ရာက ရင်ဝမှာတစ်ချက်ရပါတယ်။ အဲဒီနေရာမှပဲ သေသွားတာပါ။ အခုလိုမျိုး ကျနော့်အစ်ကိုကို ဒီလိုပစ်သတ်သွားတဲ့အပေါ်မှာ ကျနော်လုံးဝ မကျေနပ်ဘူး။”ဟု ညီဖြစ်သူက နိရဥ္စရာကိုပြောသည်။

သေဆုံးသွားသူသည် လက်သမားဆရာတစ်ဦးဖြစ်ပြီး မိခင်အိုကို လုပ်ကျွေးနေသူဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

အခင်းဖြစ်ပြီးနောက် သူ၏ရုပ်အလောင်းအား စစ်တွေဆေးရုံသို့ ပို့ဆောင်ထားသည်။

စစ်တွေမြို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ည ၉ နာရီခန့်ကလည်း အေးငြိမ်းဆေးခန်းပိုင်ရှင် ဦးညီညီနှင့် သုံးဘီးဆိုင်ကယ်မောင်းသူတို့ သေနတ်ပစ်ခံရ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးသည်။

အလားတူ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်(စရဖ)မှ တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံးသည် ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ ညက စစ်တွေမြို့ ဝင်္ကဘာကွင်း စျေးပွဲတော်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သည်။

ယခုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကျူးလွန်သည့်တရားခံကို ဖမ်းမိနိုင်ခြင်းမရှိသေးပေ။

https://www.facebook.com/narinjara.info/posts/4423737407638302

Leave a Reply

Your email address will not be published.