စစ်တွေတွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့

By Narinjara/ 2021 June 22

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ပြည်ပခရီးသွားမှုမရှိသူ အမျိုးသမီးတစ်ဦးနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၅ ဦး၊ စုစုပေါင်း ၆ ဦးတွင် ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိကြောင်း သတင်းရရှိသည်။

စစ်တွေမြို့၊ မင်းဂံအကွက်(၇)မှအဆိုပါအမျိုးသမီးမှာ ဖျားနာ၊ ချောင်းဆိုးဝေဒနာခံစားနေရသဖြင့် စစ်တွေဆေးရုံကြီးတွင် စစ်ဆေးခဲ့ရာ တွေ့ရှိခြင်းဖြစ်ပြီး နောက် ၅ ဦးမှာ စစ်တွေမြို့နယ် နယ်စပ်ကုန်သွယ်ရေး ရွှေမင်းဂံဆိပ်ကမ်းမှ အမျိုးသားများဖြစ်သည်ဟု စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာကြည်လွင်က ပြောသည်။

“အဲဒီအမျိုးသမီးက ခရီးသွားမှတ်တမ်းရှိတာမတွေ့ရဘူး။ နယ်စပ်ကုန်သွယ်ရေးက လူတွေကတော့ ကွာရန်တင်းဝင်တဲ့လူတွေကို ဒုတိယအကြိမ်စစ်တဲ့အချိန်မှာတွေ့တာ။ အခုလိုခရီးသွားမှတ်တမ်းမရှိတဲ့လူမှာ တွေ့တာက ဒေသအတွင်းမှာ ရောဂါလက္ခဏာမပြဘဲ ကိုဗစ်ပိုးရှိတဲ့လူ ရှိနေနိုင်တယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် ကျွန်တော်တို့ ဒီနေ့ မြို့ကိုပတ်ပြီး သတိပေးဆော်သြနေတာရှိပါတယ်။” ဟုပြောသည်။

လက်ရှိတွင် စစ်တွေဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာ ၄၃ ဦးရှိနေပြီး ကိုဗစ်တတိယလှိုင်းအတွင်း စစ်တွေဆေးရုံကြီးတွင် ကိုဗစ်လူနာ ၇၄ ဦးအထိရှိသွားပြီဟု သူက ဆက်ပြောသည်။

အလားတူ မောင်တောမြို့တွင်လည်း ဘင်္ဂလားဒေရှ့်နိုင်ငံမှ ခိုးဝင်လာသူ ၃ ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သူ့ဝန်ထမ်းတစ်ဦး၊ စုစုပေါင်း ၅ ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိထားသည်။ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၇၉ ဦး ရှိသွားပြီဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4432000060145370

Leave a Reply

Your email address will not be published.