By Narinjara/ 2021 June 8
ထက်အောင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ ဇွန်လ ၈ ရက်နေ့၌ လူပေါင်း (၃၉) ဦးကို ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ (၉) ဦး၌ ရောဂါပိုးတွေ့ရှိကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အတည်ပြု ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ပြီး ဝငေ်ရာက်လာသူ ၃၉ ဦးအား ယနေ့တွင် ကိုဗစ်ပိုးစစ်ဆေးခဲ့ရာ ၉ ဦး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“(၉) ယောက် (Positive) အဖြစ်တွေ့ပါတယ်။ သူတို့ကျန်းမာရေးအခြေအနေတွေ အကုန်ကောင်းပါတယ်။ သူတို့ကို စစ်တွေဆေးရုံက ကိုဗစ်လူနာတွေကုသဆောင်မှာ သီးသန့်ခွဲထားပါတယ်။”ဟု နိရဥ္စရာကို ပြောသည်။
အဆိုပါ ၉ ဦးတွင် အသက် (၂၀) မှ (၅၀) ကျော် စသည်ဖြင့် အသက်အရွယ် အမျိုးမျိုးပါဝင်ပြီး သူတို့အားလုံးမှာ အမျိုးသားများဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလမှစတင်ကာ စစ်တွေဆေးရုံ၌ ကိုဗစ် ပိုးတွေ့ရှိသူ (၁၆) ဦးအထိရှိခဲ့သည်။ ယင်းအနက် ၁၃ ဦးမှာ ရောဂါပြန်လည်ကောင်းမွန်လာ၍ ဇွန်လ ၅ ရက်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်သည်။
လက်ရှိတွင် စစ်တွေဆေးရုံ၌ ယခင် လူနာ ၃ ဦးနှင့် ယနေ့လူနာ ၉ ဦး၊ စုစုပေါင်း ၁၂ ဦး ရှိနေသေးကြောင်း သိရသည်။
တရားဝင် နယ်စပ်ကုန်သွယ်ရေးမှ လာသူများကို ကိုဗစ်ပိုးစစ်ဆေးပေးမှုများလုပ်နိုင်သော်လည်း တရားမဝင်နယ်စပ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုများလည်းရှိသည့်အတွက် ရောဂါပိုးကူးစပ်မှုနှင့် ဆက်စပ်ပြီး စောင့်ကြည့်နေရကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ဒုတိယလှိုင်းကူးစက်မှု ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူ (၃၇) ဦးနှင့် ကူးစက်ခံရသူ (၄၂၆၄) ဦး ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစိးဌာန၏ စာရင်းအရ သိရသည်။
https://www.facebook.com/narinjara.info/posts/4392546767424033