စစ်တွေတွင် ကိုဗစ်ပိုးတွေ့လူနာ ၃ ဦးထပ်တိုး

By Development Media Group (DMG)/ June 2

ဘင်္ဂလားဒေ့ရှ်မှ စစ်တွေသို့ပြန်လာသည့် အမျိုးသား ၃ ဦးတွင် ဇွန်လ ၁ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးသင်္ဘောဖြင့် လိုက်ပါလာသည့် လူ ၂၀ ဦးကို စစ်ဆေးရာတွင် အဆိုပါ လူ ၃ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

“ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ နယ်စပ်ကုန်သွယ်ရေးက လူ ၂၀ စစ်တာမှာ တွေ့တာပါ။ မနေ့က တွေ့တာပါ။ လက်ရှိမှာတော့ သူတို့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ ၄၀ ဦးကို စစ်ဆေးရာ ၄ ဦးတွေ့ရှိခဲ့ပြီး မေလ ၁၄ ရက်နေ့တွင်လည်း တစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။

ယင်းပြင် မေ လ ၁၈ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသူ ၇၈ ဦးအား ဆေးစစ်ရာတွင် ပိုးတွေ့လူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။

သို့သော် အရင်ပိုးတွေ့ရှိသူများမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီးဖြစ်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတုန်းက ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိ ရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2028328120652922

Leave a Reply

Your email address will not be published.