By Development Media Group (DMG)/ 2021 June 8

ဘင်္ဂလားဒေ့ရှ်မှ စစ်တွေသို့ပြန်လာသည့် လူ ၉ ဦးတွင် ယနေ့ ဇွန်လ ၈ ရက်နေ့က ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးသင်္ဘောဖြင့် လိုက်ပါလာသည့် လူ ၃၉ ဦးကို စစ်ဆေးရာတွင် အဆိုပါ လူ ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။
“မနေ့က ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ နယ်စပ်ကုန်သွယ်ရေးက လူ ၃၉ ဦး စစ်တာ။ အဲဒီက ၉ ဦးမှာ ဒီနေ့ တွေ့တာပါ။ လက်ရှိမှာတော့ သူတို့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်။ အရင်ကတွေ့ထားတဲ့ ၃ ဦးက ကျန်းမာရေးကောင်းပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ ၄၀ ဦးကို စစ်ဆေးရာ ၄ ဦးတွေ့ရှိခဲ့ပြီး မေလ ၁၄ ရက်နေ့တွင်လည်း တစ်ဦး ထပ်မံတွေ့ရှိခဲ့သည်။ ယင်းပြင် မေ လ ၁၈ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်မှပြန်လာသူ ၇၈ ဦးအား ဆေးစစ်ရာတွင် ပိုးတွေ့လူနာ ၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။ သို့သော် ၎င်းပိုးတွေ့ရှိသူများမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားပြီးဖြစ်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်း ပြောသည်။
ရခိုင်ပြည်သို့ အခြားနေရာဒေသများမှ ကိုဗစ်ပိုးမကူးစက်စေရေးအတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်ပင်သင့်ကြောင်းနှင့် ကျန်းမာရေးဌာနမှ ကိုဗစ်မကူးစက်စေရေးအတွက် ယခုစီမံဆောင်ရွက်နေ့သည့် လုပ်ငန်းများကို ပိုမိုဂရုစိုက်လုပ်ဆောင်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းကြသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ တကယ်လို့ကူးစက်ခံရရင် ထိန်းမနိုင်၊ သိမ်းမနိုင်ဖြစ်တာကို အရင်အစိုးရလက်ထက်မှာ အတွေ့အကြုံရှိပြီးပြီ။ ကိုဗစ်ကူးစက်လာရင် လုပ်ရတဲ့အလုပ်တွေက အလွန်တရာမှ ကုန်ကျစရိတ်မျာပြီးတော့ ရှုပ်ထွေးတယ်။ အခုလို နိုင်ငံရေးအရ တည်ငြိမ်မှုမရှိတဲ့ အခြေအနေမှာ ပိုပြီးတော့ဆိုးလာမယ်။ အဲဒါကြောင့် ကျွန်တော်တို့ သဘောထားဆိုရင် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ရမယ်။ ” ဟု ပြောဆိုထားသည်။
ယခုကဲ့သို့ ပိုးတွေ့လူနာများရှိလာသော်လည်း နယ်စပ်ကုန်သွယ်ရေးဂိတ်အား ပိတ်သိမ်းရန် အစီအစဉ်မရှိသေးကြောင်းနှင့် သို့သော်လည်း ပြန်လာသူများအား ကမ်းပေါ်မတက်စေဘဲ အသွားအလာကန့်သတ်မှုများ လုပ်ဆောင်ထားပြီး ကိုဗစ်ပိုးစစ်ဆေးမှုများကို ပုံမှန်လုပ်ဆောင်နေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောကြားထားသည်။
စစ်တွေမြို့တွင် ကွာရန်တင်းစင်တာဖွင့်လှစ်ခြင်းကို လတ်တလောတွင် ဆိုင်းငံ့ထားပြီး ကူးစက်မှုအခြေအနေအပေါ်မူတည်၍ ကွာရန်တင်းစင်တာဖွင့်လှစ်နိုင်ရန် တက္ကသိုလ်ကျောင်းဟောင်းကို အဆင်သင့်လုပ်ဆောင်ထားကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ ပြောဆိုထားသည်။
လက်ရှိတွင် ကိုဗစ်မျိုးစိတ်သစ် B.1.617 ကို အိန္ဒိယနိုင်ငံ၌ ၂၀၂၀ အောက်တိုဘာလက တွေ့ရှိခဲ့ပြီး ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ထိုမျိုးစိတ် နမူနာပေါင်း ၄၅၀၀ အထိ စစ်ဆေး တွေ့ရှိထားသည်ဟု WHO က ပြောကြားသည်။
ရခိုင်ပြည်တွင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတုန်းက ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၄၂၆၄ ဦးထိရှိခဲ့ပြီး သေဆုံးသူ ၃၇ ဦးအထိ ရှိခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2033146603504407