စစ်ကောင်စီက တားမြစ်သည့်အတွက် ဦးဥတ္တမရုပ်ထုဖြစ်မြောက်ရေး ကံစမ်းမဲလက်မှတ်နှင့် တရားပွဲအစီအစဉ်များကို အမ်းမျိုးဆက်သစ်အဖွဲ့ ဖျက်သိမ်း

By Western News/ 2021 June 1

ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သည့် ဆရာတော်ဦးဥတ္တမရုပ်ထုအား ကြေးသွန်းရုပ်ထု ပြုလုပ်ရန်အတွက် ကံစမ်းမဲလက်မှတ်ရောင်းချမည့် အစီအစဉ်နှင့် တရားပွဲပြုလုပ်မည့်အစီအစဉ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကတားမြစ်သည့်အတွက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမ်းမျိုးဆက်သစ်အဖွဲ့က ယနေ့ ဇွန်လ ၁ ရက်က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် အမ်းမျိုးဆက်သစ်အဖွဲ့အနေဖြင့် အသျှင်ဦးဥတ္တကြေးသွန်းရုပ်ထုပြုလုပ်နိုင်ရန်အတွက် မြို့နယ်သံဃနာယက အဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံစာပို့ခဲ့ပြီး သံဃနာယကအဖွဲ့ကခွင့်ပြုခဲ့သော်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ခွင့်မပြုသည့်အတွက် ကံစမ်းမဲလက်မှတ်ရောင်းချမည့်အစီအစဉ်နှင့် တရားပွဲပြုလုပ်မည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်သည်ဟုပါရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အမ်းမျိုးဆက်သစ်အဖွဲ့နာယက ကိုမျိုးလွင်အားဆက်သွယ်ရာတွင် စစ်ကောင်စီက တားမြစ်သည့်အတွက် ကံစမ်းမဲလက်မှတ်ရောင်းချမည့်အစီအစဉ်နှင့် တရားပွဲပြုလုပ်မည့်အစီအစဉ်ကို ရုပ်သိမ်းလိုက်သော်လည်း ကြေးသွန်းရုပ်ထုပြုလုပ်မည့် အစီအစဉ်အား ဆက်လက်ဆောင်ရွက်သွားမည်ဟု Western News ကိုပြောသည်။

“ကံစမ်းမဲလုပ်မည့်အစီအစဉ်တွေကိုတော့ စစ်ကောင်စီကတားမြစ်တဲ့အတွက် ကျနော်တို့ရုပ်သိမ်းလိုက်တယ်။ ဒါပေမယ့် ကြေးသွန်းရုပ်ထုလုပ်မယ့်အစီအစဉ်တွေကိုတော့ ကျနော်တို့ဆက်လက်ကြိုးစားသွားမယ်။ မြို့နယ်သံဃနာယကအဖွဲ့ကလည်း ကျနော်တို့ကို ခွင့်ပြုချက်ချပေးထားပြီးဖြစ်တယ်”ဟုပြောသည်။

ရုပ်ထုဖြစ်မြောက်ရေးအစီအစဉ်များတားမြစ်ခံရသည့်အတွက် လက်ရှိတွင် ကံစမ်းမဲလက်မှတ်ကုန်ကျငွေများကို အဖွဲ့ဝင်များမှ ထုတ်ပေးထားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကလည်း အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ဖိအားပေးမှုများရှိကြောင်း အမ်းမျိုးဆက်သစ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။“ကျမတို့က ဘယ်လိုမှလုပ်လို့မရတော့ဘူး။ ရိုက်ထားတဲ့ ကံစမ်းမဲလက်မှတ်တွေကလည်း ရောင်းလို့မရဘူး။ လောလောဆယ်တော့ ကံစမ်းမဲလက်မှတ်ရိုက်ခတွေကို ကျမတို့အဖွဲ့ဝင်တွေဆီက ကျခံထားတယ်”ဟုပြောသည်။

ကြေးသွန်းရုပ်ထုပြုလုပ်မည့်အစီအစဉ်အား အမ်းမျိုးဆက်သစ်အဖွဲ့မှ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ စာပို့ခဲ့ပြီး နောက် ယမန်နေ့ မေလ ၃၁ ရက်က ရုပ်ထုမပြုလုပ်ရန်တားမြစ်ခဲ့ကြောင်းနှင့် ရုပ်ထုဖြစ်မြောက်ရေး အတွက်လည်း ကံစမ်းမဲလက်မှတ်စောင်ရည် ၁၆၀၀၀၀ ပြုလုပ်ထားပြီးဖြစ်ကြောင်း အမ်းမျိုးဆက်သစ်အဖွဲ့က Western News ကို ယမန်နေ့က ပြောဆိုထားသည်။

ကြေးရုပ်သွန်းရုပ်ထုပြုလုပ်မည့်ကိစ္စတားမြစ်ခံရခြင်းနှင့်ပတ်သတ်ပြီး အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဌေးအောင်အား Western News မှ ယမန်နေ့က ဆက်သွယ်ခဲ့ရာတွင် ငွေရေးကြေးရေးကိစ္စများ ပါဝင်သည့်အတွက် မလိုလားအပ်သည့်ပြဿနာများ မဖြစ်ပွားစေရန် ဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်းဖြေဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/302044998268678

Leave a Reply

Your email address will not be published.