By Western News/ 2021 June 7
အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းတို့မှ စားနပ်ရိက္ခာ ထောက်ပံ့မှု မရရှိသည့်မြောက်ဦးမြို့နယ် စင်္ဘောကိုင်းစစ်ရှောင်စခန်းမှ ယာယီတဲအိမ် ၄၂ လုံး၌ နေထိုင်သည့် လူဦးရေ ၃၉၄ ယောက်တို့ရှိနေကြောင်း ဒုက္ခသည်စခန်းမှ တာဝန်ရှိသူများကပြောသည်။
ယခုထောက်ပံ့မှုမရရှိသည့်သူများမှာ စခန်းစဆောက်ကတည်းက နေထိုင်လာသူများဖြစ်ပြီး အိမ်ခြေစာရင်းအရ ရိက္ခာထောက်ပံ့သောအခါ ၎င်းတဲအိမ် ၄၂ လုံးမှာလူဦးရေ ၃၉၄ ယောက်တို့မှာ ကျန်နေခဲ့ခြင်းဖြစ်ကြောင်း အဆိုပါစစ်ရှောင်စခန်း၏ တာဝန်ခံ ဦးညီဘု မှ ပြောသည်။
“စခန်းမှာ လူကယ်ပြန်နဲ့ ICRC တို့က လစဉ်စားနပ်ရိက္ခာထောက်ပံ့ပါတယ်။ အဲဒီထဲမှာ ထောက်ပံ့ရိက္ခာမရတဲ့ တဲအိမ် ၄၂ လုံးရှိတယ်။ သူတို့ကတော့ စခန်းစဆောက်တည်းက စခန်းမှာနေကြတဲ့သူတွေပါ။ စခန်းစဆောက်ပြီး ၂ လအကြာမှာ အိမ်ခြေစာရင်းအရ ရိက္ခာတွေပေးတော့ အဲဒီ တဲအိမ်တွေက ကျန်နေခဲ့တာ။ အဲလိုဖြစ်တော့ ရတဲ့ရိက္ခာထောက်ပံ့မှုတွေကို အကုန်ပေါင်းပြီး ပြန်ဝေပေးရပါတယ်။ မဟုတ်ရင် ရိက္ခာထောက်ပံ့မှုမရတဲ့သူတွေ အတွက်အဆင်မပြေနိုင်ဘူးလေ” ဟုဆိုသည်။
စခန်းရှိ အဆိုပါလူဦးရေများအတွက် ရိက္ခာထောက်ပံ့မှုရရှိစေရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြတောင်းဆိုမှုများ အကြိမ်ကြိမ်စာတင်ခဲ့သော်လည်း ထူးခြားမှုမရှိကြောင်း ၎င်းတာဝန်ခံကဆက်ပြောသည်။
“ကျနော်တို့မှာ ရိက္ခာထောက်ပံ့မှုမရရှိတဲ့ အိမ်တွေရှိနေတယ် အဲဒါတွေကိုတင်ပြပေးပါဆိုပြီး မြို့နယ်အုပ်ချုပ်ရေး မှူးရုံးက တာဝန်ရှိတဲ့ ရုံးစာရေးကိုကျနော် အကြိမ်ကြိမ်တင်ပြခဲ့ပါတယ်။ သူပြောတာကတော့ ပြည်နယ်ဘက်ကတော့ တင်ပြပေးဖို့ပြောပေမယ့် မြို့နယ်ကပယ်ချတယ်လို့ ပြောတယ်။ ကျနော့်အနေနဲ့ကတော့ ထောက်ပံ့ကြေးမရ မချင်း တင်ပြနေရမှာပါပဲ” ဟုဆိုသည်။
ရိက္ခာထောက်ပံ့ရာတွင် စာရင်းတွင် ပါရှိသည့် လူဦးရေ အိမ်ခြေစာရင်းအတိုင်း ထောက်ပံပေးခြင်းဖြစ်ကြောင်းနှင့် အကယ်၍ ထပ်တိုးရှိခဲ့ပါက အုပ်ချုပ်ရေးမှူးမှတစ်ဆင့် တင်ပြပေးရန်လိုအပ်ကြောင်း လူကယ်ပြန်၏ ဦးစီးအရာရှိ ဦးဆန္နီ ကပြောသည်။
“ကျနော်တို့ဘက်က စာရင်းအတိုင်းအတိအကျထောက်ပံ့မှုပေးတာပါ။ ကျနော်တို့ဆီမှာရှိတဲ့ စာရင်းအရ အိမ်ခြေ ၇၃၃ လူဦးရေ ၃၅၈၇ ရှိပါတယ်၊၊ အဲဒီအတိုင်းပဲ ကျနော်တို့ထောက်ပံ့ကြေး ပေးတာပါပဲ၊၊ အကယ်၍ သူတို့မှာ လူဦးရေ ထပ်တိုးခဲ့ရင် အုပ်ချုပ်ရေးမှူးကနေ တစ်ဆင့် တင်ပြလို့ရပါတယ်” ဟုဆိုသည်။
စင်းဘောကိုင်းစစ်ရှောင်စခန်းတည်ဆောက်သည်မှာ ၂ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး စခန်းတွင်းလက်ရှိနေထိုင်သည့် စစ်ရှောင်ဦးရေအတိအကျမှာ ၃၉၀၁ ဦးဖြစ်ပြီး ယာယီတဲအိမ်ပေါင်းမှာ ၇၇၅ လုံးဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/305919987881179