By Narinjara/ 2021 June 25
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့ဂျိတ်တောကျေးရွာအုပ်စု ကျွဲသောက်ကုန်း (အလက) ကျောင်းမှ ကိုဗစ်ပိုးတွေ့ရှိခဲ့သူ ကျောင်းဆရာမ၏ မိသားစုဝင် နောက်ထပ် ၃ ဦးတွင် ယနေ့နံနက်က ကိုဗစ်ပိုးထပ်မံ တွေ့ရှိခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ကူးစက်ခံရသူ ၉၀ ထိ ရှိသွားပြီဟု သိရသည်။
အဆိုပါကျောင်းဆရာမနှင့် ထိစပ်သူ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမ များအပါအဝင် မိသားစုဝင် ၂ဝ ခန့်ကို ယမန်နေ့က စစ်ဆေးခဲ့ရာ ကိုဗစ်ပိုး ၃ ဦးထပ်တွေ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်ပိုင်က နိရဥ္စရာ သတင်းဌာနအားပြောသည်။
“ ကျွန်တော်တို့ အဲဒီဆရာမနဲ့ ထိတွေ့သူ ရောဂါကူးစက်နိုင်ခြေရှိသူ ကျောင်းဆရာ၊ဆရာမတွေလည်း ပါတယ်။ သူ့မိသားစုလည်းပါတယ်။ အယောက် ၂ဝ ကိုစစ်တယ်။ အဲဒီထဲက သုံးယောက် positive ထွက်တာ” ဟုပြောသည်။
၎င်းအပြင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူ တချို့၌ ကိုဗစ်ပိုးတွေ့ရှိနေသော်လည်း အဆိုပါ ကျောင်းဆရာမမှာ ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းရှိ၊ မရှိကိုသူ့အနေဖြင့် သိရှိထားခြင်းမရှိဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
ဂျိတ်တောကျေးရွာအုပ်စုမှ ကျွဲသောက်ကုန်း(အလက) ကျောင်းစာသင်ကျောင်းကို ယာယီပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း ဂျိတ်တောကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးရွှေသန်းက ပြောသည်။
“ ကျောင်းကိုတော့ ယာယီပိတ်ထားလိုက်ပါပြီ။ ဆရာမက လင်းသာ ရပ်ကွက်ကပါ။ ဆရာမရဲ့အမေရယ်၊ သူ့သမီးလေးရယ်၊ ညီမတစ်ဝမ်းကွဲတို့မှာ ထပ်တွေ့တာပါ။ နောက်ထပ်လူတွေမှာ ပိုးမတွေ့ပါဘူး။ ငပလီမှာတော့ တခြားကျောင်းတွေမှာလည်းကလေးတွေ ကျောင်းမသွားရဲကြဘူး” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ ယနေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ သံတွဲတွင် ၆ ဦး၊ မောင်တောတွင် ၇ ဦး နှင့် စစ်တွေတွင် ၇၇ ဦး စုစုပေါင်း အယောက် ၉ဝ ရှိပြီဖြစ်သည်။
ယင်းအထဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားသူတချို့လည်း ပါဝင်နေသဖြင့် ဒေသခံများအကြေား စိုးရိမ်မှုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
https://www.facebook.com/narinjara.info/posts/4439888379356538