ဂွမြို့နယ် ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

By Development Media Group (DMG)/ June 24

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ဒေါင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ ၂၂ ရက်နေ့က မီးရှို့ဖျက်စီး ခံလိုက်ရကြောင်း ယင်းအုပ်စု၏ စာရေးထံမှ သိရသည်။

ဇွန်လ ၂၂ ရက်နေ့ ည ၈ နာရီအချိန်က ယင်းသို့ မီးရှို့ခံရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း ဒေါင်းချောင်းအုပ်စု စာရေး ကိုစိုးဦးက DMG သို့ ပြောသည်။

“ည ၈ နာရီလောက်မှာ မီးရှို့ခံရတာပါ။ တမင်ဝင်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့တာ။ ဘယ်သူတွေ ရှို့တယ်ဆိုတာကိုတော့မသိဘူး။ အပျက်အစီးကတော့ အများကြီးမရှိဘူး။ ရွာသားတွေဝိုင်းပြီး မီးကိုငြိမ်းလိုက်ကြတော့ ပျဉ်တွေနည်းနည်းဘဲ ပျက်စီးသွားတာရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းမီးရှို့မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာရဲဌာနနှင့် စစ်တပ်မှလာရောက်ကာ စစ်ဆေးမှုပြုလုပ်ခဲ့သော်လဲ မီးရှို့သူများကို ဖမ်းမမိသေးကြောင်း သိရသည်။

ယခုကဲ့သို့ အစိုးရဝန်ထမ်းများအပေါ် ဦးတည်တိုက်ခိုက်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် စိုးရိမ်နေရကြောင်း ကိုဦးစိုးကပြောဆိုသည်။

“အခုလို ကျနော်တို့ကို ဦးတည်တိုက်ခိုက်လာခြင်းဟာ ကျနော်တို့ ဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်။ ဘယ်အဖွဲ့လုပ်တယ်လို့တော့ မစွပ်စွဲချင်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်တဲ့ တရားခံတွေကို အမြန်ဖမ်းဆီးဖို့ လိုအပ်တယ်။ ကျနော်တို့အတွက်ကိုလဲ လုံခြုံရေးပေးစေချင်တယ်”  ဟု ၎င်းကဆိုသည်။

ဝန်ထမ်းများ လုံခြုံရေးစိုးရိမ်နေရသည့်အပေါ် ဂွမြို့နယ် စခန်းမှူး အနေဖြင့် မည်သို့ဆောင်ရွက်ရန် စီစဉ်ထားသည်ကို မေးမြန်းရန် ဂွမြို့နယ် စခန်းမှူးထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်၍ မရရှိခဲ့ပေ။

အုပ်စုအုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရသော ဒေါင်းချောင်းကျေးရွာနှင့် ဂွမြို့နယ်မှာ ၇ မိုင်ခန့် ကွာဝေးသည်။

https://www.facebook.com/dmgnewsagency/posts/2045430262276041

Leave a Reply

Your email address will not be published.