ဂွမြို့နယ်မှ အသက် ၁၃ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရမှု တရားမျှတမှုကို လိုလားကြောင်း မိခင်ဖြစ်သူတောင်းဆို

By Development Media Group (DMG)/ June 15

ရခိုင်ပြည်၊ ဂွမြို့နယ်မှ ကျေးရွာတစ်ရွာတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှုအတွက် တရားမျှတမှုကို လိုလားကြောင်း မိခင်ဖြစ်သူက တောင်းဆိုလိုက်သည်။

ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက အသက် ၄၇ နှစ်အရွယ် ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်မှာ မိခင်ဖြစ်သူနှင့်အတူ ငါးရောင်းပြီး ယင်းနေ့က မိခင်ဖြစ်သူ ငါးဝယ်ယူရန် ပင်လယ်ဘက်သို့သွားစဉ် ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“ဒီအမှုကို ကျမတို့ တရားမျှတမှုရှိရှိဖြစ်စေချင်တယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

လက်ရှိတွင် အဓမ္မပြုကျင့်ခံရသည့်မိန်းကလေးမှာ ကျန်းမာရေးအခြေအနေေ ကောင်းမွန်လျက်ရှိပြီး အမှုကိစ္စအတွက် အကူအညီပေးမည့်သူများ လိုအပ်နေကြောင်းလည်း မိခင်ဖြစ်သူက ဆိုသည်။

“ကျမတို့အနေနဲ့လဲ ဒီကိစ္စတွေကို ဘာမှမသိဘူးဆိုတော့ အကူအညီလိုနေတယ်” ဟု ၎င်းကပြောသည်။

လက်ရှိမှာ ကျူးလွန်သူအား ဂွမြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး သက်ငယ်မုဒိမ်းဖြစ်သည့်အတွက် သံတွဲခရိုင်သို့ လွှဲပြောင်းပေးရန် စီစဉ်ထားကြောင်း ဂွမြို့နယ်ရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သံတွဲမြို့နယ် ဖြူစင်သောတွဲလက် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ မဆောင်းနှင်းဝေက ယခုကဲ့သို့ မုဒိမ်းမှုများနှင့် ပတ်သက်ပြီး အမှုဆုံးဖြတ်ချက်ချရာ၌ ကြန့်ကြာမှုများရှိနေကြောင်း ပြောသည်။

“သံတွဲမှာက သက်ငယ်မုဒိမ်းဖြစ်တာတွေရှိတယ်။ ဒါပေမဲ့ အမှုကို ဆုံးဖြတ်တဲ့အခါ တော်တော်ကြာတယ်။ အဲဒါကြောင့် ဒီလိုအမှုတွေကို တာဝန်ရှိသူတွေက မြန်မြန်စစ်ဆေးပြီး အမှုဆုံးဖြတ်ချက်ပးဖို့ လိုအပ်နေတယ်။ တစ်ချို့အမှုတွေဆို ၁ နှစ်နီးပါးရှိနေပြီး အမှုမပြီးသေးဘူး” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ အသက်မပြည့်သေးသည့်မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့သည့်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကာ ယင်းအမှုအား လက်ရှိအချိန်ထိ တရားရုံးမှ အမိန့်မချမှတ်ရသေးကြောင်း သိရသည်။

ရခိုင်ပြည်အတွင်းတွင် မိန်းကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုမြင့်တက်လာနေကြောင်း အမျိုးသမီး အဖွဲ့အစည်းများက ထောက်ပြပြောဆိုနေကြသည်။

ပြီးခဲ့သည့်မေလအတွင်းက ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် အဓမ္မ ပြုကျင့်မှုများဖြစ်ပွားခဲ့ရာ ယင်းအထဲမှဖြစ်စဉ်နှစ်ခုမှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များ အဓမ္မ ပြုကျင့်ခံရမှုဖြစ်နေသည်။

မြန်မာနိုင်ငံတွင် လက်ရှိပြင်ဆင်ပြဋ္ဌာန်းချက်အရ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ တွင် အသက် ၁၂ နှစ် အောက်နှင့် မသန်စွမ်းအမျိုးသမီးများအပေါ်  အဓမ္မကျူးလွန်သူများအား အနည်းဆုံးထောင်ဒဏ် နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

Legal Clinic Myanmar(ရခိုင်)၏ စာရင်းအရ ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အဓမ္မပြုကျင့်မှု ၆ မှု၊ ၂၀၁၉ ခုနှစ်တွင် ၅ မှု၊ ၂၀၂၀ ခုနှစ်တွင် ၂၀ မှုနှင့် ၂၀၂၁ ခုနှစ် ဇွန်လအထိ ၅ မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2038737302945337

Leave a Reply

Your email address will not be published.