ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် နှောင့်‌နှေးကြန့်ကြာမှုများရှိနေ၍ ရာမောင်တံတားသစ်အား အမြန်ဆုံးဖြတ်သန်းခွင့်ပြုရန် လိုလားနေ

By Western News/ 2021 June 4

ခရီးသွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် နှောင့်‌နှေးကြန့်ကြာမှုများရှိနေ၍ အသစ်တည်ဆောက်ထားသည့် မင်းပြားမြို့နယ်ကက ရာမောင် တံတားသစ်အားအမြန်ဆုံး ဖြတ်သန်းခွင့်ပြုရန် ဒေသခံပြည်သူများက လိုလားတောင်းဆိုနေကြသည်။

အဆိုပါ ရာမောင်တံတားသစ် ဆောက်လုပ်ပြီးစီးနေသည်မှာ တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း ဖြတ်သန်းခွင့်မရရှိသေးသည့် အတွက် ခရီးသည်တင်မော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ယာဉ်များမှာ ကူတို့ဇက်သ‌င်္ဘောဖြင့် ဖြတ်သန်းသွားလာနေရဆဲ ဖြစ်သည်။

ယင်းကဲ့သို့ ကူတို့ဇက်သင်္ဘောဖြင့် ဖြတ်သန်းနေရသည့်အတွက် အချိန်ကြန့်ကြာ နှောင့်နှေးမှုများဖြစ်၍ ကုန်စည်ပစ္စည်းများ ထိခိုက်နစ်နာမှုများရှိနေသည်ဟု စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဌ ကိုချမ်းအေးက Western News ကိုပြောဆိုသည်။

“ကျွန်တော်တို့ ကားသမားတွေအနေနဲ့ အမြန်ဆုံးဖြတ်ခွင့်ရချင်နေပြီ။ ဒီကယူသွားတဲ့ ငါး၊ ပုဇွန်ကုန်စည်တွေက အဲ့မှာဇက်နဲ့ ကူးနေရတော့ အချိန်ကြန့်ကြာမှုတွေဖြစ်တယ်။ ပျက်စီးသွားတာတွေရှိတယ်။ ဗမာပြည်ဖက်ကဆိုရင်လည်း ပန်းသီးတို့ ငှက်ပျောသီးတို့ သယ်ယူကြတယ်။ အချိန်ကြန့်ကြာရင် ထိခိုက်မှုတွေဖြစ်တယ် အဲ့ဒါတွေက” ဟုပြောဆိုသည်။

ယင်းအပြင် တစ်ခါတစ်ရံ ကူတို့ဇက်သင်္ဘောမှာ စက်ချို့ယွင်းနေသည့်အချိန်တွင် ကုန်ပစ္စည်းများကို သုံးဘီး၊ ဆိုင်ကယ် စသည်များဖြင့် သယ်ယူပို့ဆောင်ရသည့်အတွက် ခရီးစရိတ်များ ပိုမိုကုန်ကျကြရသည်များရှိသည့်အပြင် ကုန်ပစ္စည်းများ ဆုံးရှုံးပျက်စီးမှုများလည်းရှိ သည်ဟု ကိုချမ်းအေး ကပြောဆိုသည်။

ခရီးသွားပြည်သူများမှာ အချိန်ကြာမြင့်စွာစောင့်ဆိုင်းပြီး ဇက်သင်္ဘောဖြင့် ဖြတ်သန်းနေရသည့်အတွက် စိတ်မချမ်းသာမှုများဖြစ်ရသည့် အပြင် ကုန်စည်ပို့ဆောင်ရေးအပိုင်းတွင်လည်း ဆုံးရှုံးနစ်နာမှုများရှိနေ၍ တံတားအား အမြန်ဆုံးဖြတ်သန်းခွင့်ပေးစေချင်ကြောင်း မင်းပြားဒေသခံတစ်ဦးဖြစ်သူ ကိုအမ်းသားကြီးက ထောက်ပြပြောဆိုသည်။

“ဒီးတံတားကို ဖြတ်သန်းခွင့်မရသေးတော့ ခရီးသည်တွေလည်း မလိုအပ်ဘဲ အချိန်ကြန့်ကြာနေရတယ်။ စိတ်မချမ်းသာမှုတွေ ဖြစ်တယ်ပေါ့။ အထူးသဖြင့်တော့ ကားသမားတွေပေါ့၊ ကုန်စည်သယ်ယူပို့ဆောင်တဲ့ ကားသမားတွေမှာ အချိန်ကြန့်ကြာလို့ ကုန်ပစ္စည်းတွေ ဆုံးရှုံးနစ်နာတာတွေလည်းရှိတယ်။ ဒီတံတားဖြတ်သန်းလို့ရနေပြီးဆိုရင် အမြန်ဆုံးဖြတ်သန်းခွင့်ပေးစေချင်တယ်” ဟုပြောဆိုသည်။

လက်ရှိတွင် ရာမောင်တံတားသစ်အား တံတားခံနိုင်ရည် စစ်ဆေးပြီး ရုံးချုပ်ကို တင်ပြထားကြောင်းနှင့် ဇွန်လအတွင်းတွင် ဖွင့်ပေးသွားမည်ဟု လမ်းတံတားအထူးအဖွဲ့မှ ဒုညွှန်ကြားရေးမှူး ဦးမင်းခိုင်ကပြောသည်။

“ဒီ ၆ လပိုင်းအတွင်းတော့ ဖွင့်ဖြစ်မှာပါခင်ဗျ။ လောလောဆယ်တော့ ကျွန်တော်တို့ load test (တံတားခံနိုင်ရည်) စစ်ဆေးပြီးတော့ ရုံးချုပ်ကို တင်ပြထားတယ်။ ဒီ ၆ လပိုင်းအတွင်းမှာတော့ အများပြည်သူ အသုံးပြုလို့ရအောင် ဖွင့်ပေးဖို့အစီအစဉ်ရှိပါတယ် ခင်ဗျ” ဟုပြောဆိုသည်။

ရာမောင်တံတားသစ်အား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ၂၀၂၁ ခုနစ် မေလ ၃၁ ရက်နေ့ထိ ၄ နှစ်နီးပါးကြာ ဆောက်လုပ်ခဲ့ရပြီး ဆောက်လုပ်မှုကုန်ကျငွေမှာ ကျပ်သန်းပေါင်း ၁၂၀၀၀ ခန့်ကုန်ကျခဲ့သည်။

ရာမောင်တံတားသည် ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင်တည်ရှိပြီး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များသို့ သွားလာရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/304011458072032

Leave a Reply

Your email address will not be published.