ကျေးရွာအနီး မြန်မာစစ်တပ် တပ်စွဲထား၍ အောင်ဇေယျရွာသားများ ရွာပြန်ချင်သော်လည်း မပြန်ရ

By Development Media Group (DMG)/ June 14

ရခိုင်ပြည်အတွင်း လက်ရှိအချိန်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ ငြိမ်သက်နေခြင်းကြောင့် မိမိကျေးရွာကို လုပ်ကိုင်စားသောက်ဖို့ ပြန်ချင်နေကြသော်လည်း ကျေးရွာအနီးက တောင်ပေါ်တွင် မြန်မာစစ်တပ်မှ တပ်စွဲထား၍ မပြန်နိုင်သေးကြောင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စု အောင်ဇေယျကျေးရွာသားများက ပြောသည်။

အောင်ဇေယျကျေးရွာသားများမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မတ်လကုန်ပိုင်းက ကျေးရွာအနီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခြင်းနှင့် ကျေးရွာနှင့်ကပ်လျက်တောင်ပေါ်တွင် မြန်မာစစ်တပ်မှ တပ်စွဲထားခြင်းကြောင့် ကျေးရွာကိုစွန့်ခွာပြီး ဘူးသီးတောင်မြို့ပေါ်နှင့် အခြားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ယခုဆိုလျှင် နှစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

ယခု မိုးရာသီကျောက်လာပြီဖြစ်သောကြောင့် လယ်ယာလုပ်ကိုင်ရန် တောင်သူများ ကျေးရွာသို့သွားကြသော်လည်း မြန်မာစစ်တပ်က စစ်ဆေးမေးမြန်းပြုလုပ်ပြီး ရွာသို့ပြန်မလာကြရန် ပြောဆိုပြီး ပြန်လွှတ်လိုက်ကြောင်း တောင်သူများက ပြောသည်။

ကျေးရွာသို့သွားရောက်ခဲ့သည့် တောင်သူများဆက်ပြောပြသည်မှာ လူမနေတာကြာပြီဖြစ်၍ ကျေးရွာအတွင်းရှိ နေအိမ်များမှာ ယိုယွင်းပျက်စီးနေကာ မြန်မာစစ်တပ်မှလည်း ရွာထဲတွင် သွားလာလှုပ်ရှားမှုများရှိသည်ဟု ပြောသည်။

မြန်မာစစ်တပ်မှ စစ်ဆေးမေးမြန်းတားဆီးမှုများကြောင့် ရွာသားများမှာ နေရပ်ပြန်ရန် အခက်အခဲရှိနေပြီး လုံးဝမပြန်ရဲသည့်သူများလည်းရှိသည်ဟု အောင်ဇေယျရွာသား ဦးမောင်လှဟန်က ဆိုသည်။

“ဦးလေးတို့ ရွာကိုမပြန်နိုင်တာ သုံးနှစ် သုံးမိုးကျတော့မယ်။ ရွာကိုခဏလေးသွားကြည့်တော့ ရွာကတောပုံစံမျိုး ဖြစ်သွားပြီး။ လူတစ်ယောက်မှမနေတော့။ အခုဦးလေးတို့မှာ လယ်လုပ်မဲ့အချိန်မှာလည်း လယ်ကမလုပ်ရဘူး။ တော်တော်လေးအခက်အခဲတွေဖြစ်တယ်။ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေရတာဆိုတော့ နေထိုင်ရေး၊ စားဝတ်နေရေးအစပေါ့ အခက်အခဲတွေဖြစ်တယ်။  ဦးလေးတို့က ရွာကိုပဲပြန်ချင်တယ်။ ဒါပေမဲ့ ရွာမှာက တပ်မတော် စခန်းချထားတာရှိတယ်”  ဟု ပြောသည်။

အလုပ်အကိုင်နှင့်ငွေမရှိခြင်းကြောင့် စားဝတ်နေရေးအခက်ခဲသည့်အပြင် သားသမီးများကို ပညာသင်ကြားပေးရန် မတတ်နိုင်သည့်အခက်အခဲများရှိနေသည်ဟု ဘူးသီးတောင်မြို့ပေါ်တွင် ခိုလှုံနေသော အောင်ဇေယျကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်ကာလတွင်လည်း အောင်ဇေယျကျေးရွာ၌ နေအိမ် ၈ ဆောင် မီးလောင်ဆုံးရှုံးသွားကြောင်း ဦးမောင်လှဟန်က ဆိုသည်။

ရွာပြန်ပြီး လယ်ယာအလုပ်ကို မကိုင်ရသည့်အတွက် မိုးစပါးစိုက်ပျိုး၍ နှစ်စဉ်ရရှိနေသည့် စပါးတင် ၁၅၀၀ ကို ဆုံးရှုံးနေရသည်ဟု အောင်ဇေယျဒေသခံ ဦးမောင်သိန်းအောင်က ပြောသည်။

“ကျနော်တို့မှာဆိုရင် တစ်နှစ်မှာ စပါးတင်းငါးရာလောက်စီရတယ်။ အခုသုံးနှစ်ပြည့်တော့မယ် ဒီနှစ်မှာလည်း လယ်မလုပ်ရဘူးဆိုတော့ စပါးတင်း ထောင်ငါးရာလောက် ဆုံးရှံးနစ်မှုတွေရှိတယ်။ တခြားသူတွေမှာ ဆိုရင် လည်း လယ်အများအပြားလုပ်တဲ့အတွက် ပိုပြီးတော့ဆုံးရှံးနစ်နာမှုတွေရှိတယ်” ဟု ပြောသည်။

အောင်ဇေယျကျေးရွာတွင် စုစုပေါင်း အိမ်ခြေ ၁၈၄ ဆောင်ရှိပြီး ရွာသားများမှာ စစ်တွေ၊ ဘူးသီးတောင်မြို့ပေါ်နှင့် စေတီတောင်စစ်ဘေးရှောင်စခန်းများတွင် လက်ရှိအချိန်အထိ စားဝတ်နေရေးအခက်အခဲမျိုးစုံနှင့် ခိုလှုံနေကြရသည်။

ယင်းအပြင် စံဂိုးတောင်အုပ်စုက စံဂိုးထောင်ကျေးရွာ၊ ဥယျာဉ်သာကျေးရွာ၊ သျှသျှားတောင်ကျေးရွာတို့ကလည်း ဒေသခံများမှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဘူးသီးတောင်မြို့ပေါ်နှင့် အခြားဘေးလွတ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် တို့ နှစ်ဖက်စစ်ရေးပဋိပက္ခကာလအတွင်း ရခိုင်ပြည်နှင့်ချင်းပြည်နယ် ပလက်ဝမြို့တွင် ကျေးရွာ ၄၅ ရွာမီးရှိုခံခဲ့ရပြီး နေအိမ်ပေါင်း ၁၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရခိုင်တိုင်းရင်းမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရသိရသည်။

ယင်းအပြင် တိုက်ပွဲကာလအတွင်း သံသယနှင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ပြောသည်။

ဆက်လက်ပြီး REC ၏ ၂၀၂၀ စာရင်းအရ တိုက်ပွဲနှစ်နှစ်တာကာလတွင် မိုင်းထိမှန်မှုနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးအထိ ရှိကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2037905916361809

Leave a Reply

Your email address will not be published.