By Western News/ 2021 June 15

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ နှစ်ကြာ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီးနောက် မြို့နယ် အသီးသီးမှ နေရပ်စွန့်ခွာထွက်ပြေးလာကြသူ ၁ သိန်း ၁ သောင်းကျော်မှာ ယနေ့အချိန်ထိ နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)၏ စာရင်းများအရသိရှိသည်။
မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် ၃ မြို့နယ်မှာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သောကြောင့် စစ်ဘေးရှောင် ဦးရေအများဆုံးနေရာလည်းဖြစ်သည်။ နေရပ် စွန့်ခွာထွက်ပြေး၍ စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များမှာ ၂ နှစ်ကျော်ထိ ဆက်လက်ခိုလှုံနေရဆဲဖြစ်သည်။
လက်ရှိတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ AA ကြားနားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ ၇ လ ကျော်ကြာရှိနေပြီး ဖြစ်သော်လည်း ကျေးရွာအနီး တပ်မတော်က တပ်စွဲထားမှုများ၊ မိုင်းအန္တရာယ်များနှင့် တိုက်ပွဲကာလအတွင်း နေအိမ်များ မီးရှို့ခံလိုက်ရသည့်အတွက် နေရပ်မပြန်နိုင်သေးကြောင့် စစ်ဘေးရှောင်များကပြောသည်။
စစ်ဘေးရှောင်စခန်းတွင် အဆင်မပြေမှုများစွာဖြင့် မနေချင်ဘဲ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်ချင်သော်လည်းကျေးရွာအနီးတွင် တပ်မတော်က တပ်စွဲထားသည့်အပြင် နေစရာအိမ် မီးရှို့ခံလိုက်ရသည့်အတွက် ရပ်ရွာကို မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရကြောင်း တင်းမကြီးကျေးရွာမှ ဦးထွန်းသိန်းကပြောသည်။
“ကိုယ့် ရပ်ရွာမှာ ကိုယ်ပိုင်အိမ်နဲ့ ဆန်စက်နဲ့ ကိုယ်ပိုင်လယ်ယာကို လုပ်ကိုင်စားသောက်နေခဲ့တာပါ။ စစ်ဘေးရှောင်စခန်းမှာ အဆင်မပြေမှုတွေများစွာနဲ့မနေချင်ပါဘူး။ ဒီကိုရောက်တာ ၂၀၁၉ ခုနှစ် မတ်လကတည်း ၂ နှစ်ကျော်နေပြီ။ မနေချင်ပေမယ့် ရပ်ရွာပြန်ဖို့ အတွက်နေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ မီးရှို့ခံလိုက်ရပြီ။ အဲ့ဒီအပြင် ကျေးရွာနားမှာကို တပ်မတော်က တပ်စွဲထားတာ။ ရွာထဲကိုတောင် ဝင်ခွင့်မပြုပါ ဘူး”ဟု ကျောက်တော်မြို့ မြို့သစ်ရပ်ကွက် မှန် ကျောင်းဘုန်းတော်ကြီးစစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဦးထွန်းသိန်းကပြောသည်။
လက်ရှိကျေးရွာ အနီးတစ်ဝိုက်ရှိ တောင်များတွင် တပ်မတော်မှ တပ်စွဲထားသည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ၁ နှစ်ကျော်ကြာနေထိုင် နေရသည့် အမ်းမြို့နယ် ဆင်ဦးဒိုက်ကျေးရွာမှ စစ်ဘေးရှောင် ဒေါ်လုံးလုံးက Western News သို့ပြောသည်။
“ကျွန်မတို့ရွာအနီးအနားမှာရှိတဲ့တောင်တွေမှာ တပ်မတော်က တပ်စခန်းတွေချထားတယ်။ ဒီဖက်ကဆိုရင် ကဇူးကိုင်းတောင်ပေါ်မှာ တပ်စွဲထားတာရှိတယ်။ ကဇူးကိုင်းတောင်က ကျွန်မတို့ ရွာနဲ့ ၁၀မိနစ်တောင် မသွားရ ဘူး။ ပြီးတော့ ရွာရဲ့အရှေ့ဖက် ဒါးလက်ချောင်း တံတားမှာလည်း သူတို့ကတပ်စွဲထားတော့ ရွာက စစ်တပ်စခန်း တွေကြားမှာဖြစ်နေတယ်။ အဲ့ဒါကြောင့် ရွာမပြန်ရဲတာ။ ရွာက ထွက်ပြေးလာတုန်းကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်လို့ ကျွန်မမောင်လေးမှာတောင် ဆယ်တန်းကျောင်းတက်နေတာသူ့ မျက်လုံးတစ်ဖက် လက်နက်ကြီးကျည်ထိသွားတယ်”ဟုပြောသည်။
တပ်တော်အနေဖြင့် ဘုရား၊ ပုထိုး၊စေတီတို့တည်ရှိရာတောင်ကုန်းများနှင့် ရဲစခန်းတို့၌နေရာယူထားရခြင်းမှာ လုံခြုံရေး အခြေနေအရသာ ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့က နားလည်မှု တည်ဆောက်နေဆဲ ကာလဖြစ်သည့်အတွက် ယင်းနေရာတို့၌ တပ်စွဲထားခြင်းကိုပြန်လည် ရုတ်သိမ်း ရန်အစီစဉ်မရှိသေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဗိုလ်မှူးကြီး မင်းသန့်က မတ်လ ၁၁ ရက်နေ့က Western News ကိုဖြေဆိုထားသည်။
စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန်အတွက် လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြား တိုက်ပွဲမဖြစ်ပွားတော့ကြောင်း သဘော တူညီမှုလိုမှုမှာ အဓိကဖြစ်ပြီး ကိုယ့်ရပ်ရွာကို ပြန်နိုင်ရန်အတွက် မိုင်းရှင်းလင်းမှုများ၊ လုပ်ကိုင်စား သောက်ရန်အတွက် အကူအညီများလိုအပ်သည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကပြောသည်။
“စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ အဓိကကတော့ လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုကြားမှာ တိုက်ပွဲတွေပြန်မဖြစ် တော့ဘူးဆိုတဲ့ သဘောတူညီမှုဟာအရေးကြီးတယ်။ ပြီးတော့ သူတို့ နေရပ်ပြန်သွားရန် ရပ်ရွာမှာလုပ်ကိုင်စား သောက်ဖို့အတွက် စပါးမျိုးစေ့တွေ၊ လယ်ယာလုပ်ကိုင်ဖို့အထောက်အကူပြုပစ္စည်းတွေလိုအပ်မယ်။ ပြီးတော့ နေအိမ်တွေပြန်ဆောက်ပေးရမယ်။ ပြုပြင်ပေးရမယ်ပေါ့။ မိုင်းရှင်းလင်းရေးတွေပါ ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့လိုတယ်။ ဒါမှသူတို့ ကိုယ့်ရပ်ရွာကိုပြန်နိုင်မှာပေါ့”ဟုပြောသည်။
တိုက်ပွဲဖြစ်တုန်းက ကာလအတွင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၂ သိန်း ၃ သောင်းကျော်ရှိလာခဲ့သည့်နောက် လက်ရှိထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်မှာ ၁ သိန်း ၁ သောင်းကျော်ထိရှိနေသေးကြောင်း REC စာရင်း အရသိရှိရသည်။
https://www.facebook.com/westernnewsagency/posts/310730257400152