By Western News/ 2021 June 20
ရခိုင်တွင် စစ်ရေးအခြေအနေများငြိမ်သက်နေသော်လည်း ကျေးရွာများအနီးတွင်တပ်နေရာယူထားမှုများရှိနေသေး ၍ ထွန်ယက်စိုက်ပျိုးမှုမပြုလုပ်နိုင်သည့် လယ်ဧကများရှိကြောင်း လယ်သမားများ၏ ပြောကြားချက်အရသိရသည်။
ရသေ့တောင်မြို့နယ် ရေဆိုးချောင်းကျေးရွာတွင်လည်း ရွာအနီးတွင် တပ်စခန်းချထားမှုများရှိနေသေး ၍ တစ်ရွာလုံး လယ်ယာစိုက်ပျိုးမှု မပြုလုပ်နိုင်ကြောင်း စေတီပြင်စစ်ရှောင်စခန်းတွင်နေထိုင်သည့် အဆိုပါကျေးရွာမှ ဦးခိုင်သိန်းမောင် ကပြောသည်။
“လယ်ယာစိုက်ပျိုးမှုမလုပ်နိုင်တာကတော့ ဒီတစ်နှစ်မှမဟုတ်ပါဘူး။ စစ်ဖြစ်ကတည်းကဆိုပါတော့။ ဒီနှစ်လည်း တိုက်ပွဲတွေမရှိပေမယ့် ကျနော်တို့တစ်ရွာလုံးလယ်မလုပ်နိုင်ကြပါဘူး။ ရွာအနီးမှာ တပ်မတော်ဘက်က အခုထိတပ်စွဲထားတုန်း ဆိုတော့ ဘာပဲဖြစ်ဖြစ်စိုးရိမ်မှု တွေရှိတယ်လေ။ ရှိတဲ့ လယ်ဧကလေးတွေ မထွန်နိုင်တော့ စားဝတ်နေရေးအခက်ခဲ ဆိုတာပြောမနေပါနဲ့တော့။ သားသမီးထဲ ၁၀ တန်း ၂ ယောက်ရှိတယ်။ စားရေးသောက်ရေးတောင်အနိုင်နိုင်ဆို တော့ တစ်ယောက်မှ ကျောင်းမထားနိုင်ပါဘူး။”ဟုဆိုသည်။
ရွာတောတန်းအနီး နေရာယူထားသည့် တပ်မှ အချိန်အကန့်အသတ်နှင့်သာ သွားလာခွင့်ပေးထားရာ အဆင်မပြေ၍ ယခုနှစ် လယ်ယာလုပ်ကိုင်နိုင်မှုမရှိကြောင်း ပုဏ္ဏားကျွန်းမြို့နယ် သာစည်ကျေးရွာမှ ဦးမောင်ခင်ဝင်း ကပြောသည်။
“သူတို့က ရွာအနားမှာ တပ်စွဲထားတာ။ ပထမတော့ အသွားအလာခွင့်မပြုဘူး။ နောက်ပြီးမှ မနက် ၇ နာရီကနေ နေ့လည် ၁၂ နာရီအထိ အချိန်ကန့်သတ်ပြီး သွားလာခွင့်ရတယ်။ ကျနော်တို့ လယ်ကဝေးတော့ ကျနော်အနေနဲ့ အဆင်မပြေဘူး။ အဲဒါကြောင့် မလုပ်ဖြစ်တော့တာ။ လယ်မလုပ်ဖြစ်တော့ မြို့ထဲကြုံရာလုပ်ပြီးပဲ စားဝတ်နေရေး ပြဿနာဖြေရှင်းရတာပါပဲ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ရှိတဲ့လယ်လေးပဲ လုပ်ကိုင်ချင်တာပေါ့” ဟုဆိုသည်။
တပ်မတော်မှရွာအနီးနေရယူထားမှုများရှိနေ၍ ယခုနှစ်အထိစိုက်ပျိုးမှုမပြုလုပ်နိုင်သေးသည့် လယ်ဧကများစွာ ရှိနေသေးကြောင်း၊ ၃ နှစ်တာမျှလယ်ယာစိုက်ပျိုးမှုမပြုလုပ်နိုင်ခဲ့သည့် လယ်သမားများအပေါ် တပ်မတော်အနေ ဖြင့် ငဲ့ညှာသင့်ကြောင်း မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကပြောသည်။
“ရခိုင်မှာ ၂ နှစ်တာလောက် တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အတွက် လယ်သမားတစ်ချို့ ကိုယ့်လယ်ယာတွေကို လုပ်ကိုင် လို့မရတဲ့ အခြေနေမျိုးဖြစ်သွားတယ်။ တစ်ချို့နေရာတွေမှာဆိုရင် တပ်ကနေရာယူထားတာတွေရှိနေသေးတဲ့အ တွက် မထွန်ယက်နိုင်တာတွေ ရှိနေသေးတယ်။ လယ်မစိုက်ပျိုးနိုင်တာ ၁ နှစ် ၂ နှစ်မကတော့ လယ်သမားတွေ အနေနဲ့စားဝတ်နေရေး တော်တော်အခက် အခဲဖြစ်ကြရတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး တပ်အနေနဲ့လည်း လယ်သမားတွေအပေါ် ငဲ့ညှာ နားလည်ပေးပြီး သူတို့ရဲ့လယ်ယာတွေကို လုပ်ကိုင်ခွင့်ရအောင် ဆောက်ရွက်ပေးဖို့ လိုအပ်တယ်လို့မြင်ပါတယ်” ဟုဆိုသည်။
တပ်မတော်ဘက်မှ တပ်နေရာယူထားမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ အား Western News မှဆက်သွယ်မေးမြန်းကြည့်ရာ အစီစဉ်အတိုင်းသာ တစ်စိုက်မတ်မတ်လုပ်ဆောင်နေကြောင်းပြောသည်။
ရခိုင်တွင် စိုက်ပျိုးမြေဧကပေါင်း ၁၅၀၀၀၀၀ ကျော်အထိရှိပြီး ပြည်နယ်၏ စစ်ပွဲအခြေအနေများကြောင့် ၂၀၁၉-၂၀၂၀ နှစ်များတွင် စိုက်ပျိုးမှုမပြုလုပ်နိုင်သည့် ဧကပေါင်း ၆၅၀၀၀၀ ကျော်အထိရှိခဲ့ကာ ယခု ၂၀၂၁ ခုနှစ်တွင်လည်း ထွန်ယက်စိုက်ပျိုးနိုင်ခြင်းမရှိသည့် ဧကများစွာရှိနေသေးသည်။
https://www.facebook.com/westernnewsagency/posts/314020960404415