ကျောင်းစဖွင့်သည့်ဇွန်တစ်ရက်နေ့ ရခိုင်ပြည်နယ်တွင်ကျောင်းတက်သူ ကျောင်းသားဦးရေ သုံးသိန်းကျော်ရှိ

By Narinjara/ 2021 June 1

ထက်အောင်

ယနေ့ ဇွန်လ တစ်ရက် ကျောင်းဖွင့်နေ့တွင် ရခိုင်တစ်ပြည်နယ်လုံး ကျောင်းတက် ကျောင်းသား/ကျောင်းသူ ဦးရေမှာ ၃၅၈,၉၃၁ ဦးရှိကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ခရိုင် (၅) ခုရှိရာ စစ်တွေခရိုင်၌- ၁၀၁,၃၀၁ ဦး ၊ မြောက်ဦးခရိုင်၌- ၁၁၀,၆၅၂ ဦး၊ မောင်တောခရိုင်၌  ၄၃၂၁၁ ဦး၊ ကျောက်ဖြူခရိုင်၌ ၆၄၆၂၆ နှင့် သံတွဲရိုင်၌  ၃၉၁၄၁ ဦး ယနေ့ ကျောင်းတက်ရောက်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မေ ၂၄ ရက်မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့များတွင် ကျောင်းတက်ရန် စာရင်းပေးသွင်းထားသော ကျောင်းသား ကျောင်းသူ ဦးရေမှာ ၃၈၂,၇၀၅ ဦး ရှိသည့်အထဲမှ ၃၅၈,၉၃၁ ဦးတက်ရောက်ခဲ့သဖြင့် ယနေ့ ကျောင်းမတက်ရောက်သည့် ကျောင်းသားဦးရေမှာ ၂၃၇၇၄  ဦးရှိကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားဦးရေမှာ ရာခိုင်နှုန်းအားဖြင့် ၉၄%  ရာနှုန်းရှိကြောင်း ဒေါက်တာထွန်းထွန်းသိန်းက ပြောဆိုသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ကျောင်းသား ကျောင်းသူ ၅၃၉၅၀၃ ဦး တက်ရောက်ပညာသင်ကြားခဲ့သဖြင့် ယခုနှစ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းမတက်ရောက်သည့် ကျောင်းသား အရေအတွက်မှာ တစ်သိန်းငါးသောင်းကျော်အထိ ရှိနေကြောင်း သိရသည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ် စစ်တွေ- ၁၄၈,၅၇၈ ဦး၊ မြောက်ဦးခရိုင်- ၁၇၅,၂၄၉ ဦး၊ မောင်တောခရိုင်- ၆၆,၆၅၂ဦး၊ သံတွဲခရိုင် – ၆၀,၅၀၇ ဦးနှင့် ကျောက်ဖြူခရိုင်- ၈၈,၅၁၇ ဦး တက်ရောက်ပညာသင်ကြားခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ပညာရေးမှူးရုံး၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4372278782784165

Leave a Reply

Your email address will not be published.