ကျောက်ဖြူမြို့ပေါ် အလယ်တန်းကျောင်းတစ်ကျောင်းတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ပစ္စည်းများတွေ့ရှိ

By Western News/ 2021 June 24

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကုလဘာတောင်ရပ်ကွက်၊ ကုလားဘာတောင် အခြေခံပညာအလယ်တန်းကျောင်း စာသင်ခန်းထဲတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့်ပစ္စည်းများကို ဇွန်လ ၂၂ ရက်က တွေ့ရှိရကြောင်း တာဝန်ကျဆရာမက ပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆေးလိပ်ပိုင်းစနှင့် ရေသန့်ဗူးခွံများကိုသတ္တမတန်းအခန်းထဲတွင် တွေ့ရှိရခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးထံတိုင်ကြားထားကြောင်း တာဝန်ကျဆရာမတစ်ဦး ဖြစ်သည့် ဒေါ်အေးကျော့မေက Western News ကိုပြောသည်။

“ကျမတို့ ကျောင်းတက်ဖို့လာတဲ့အခါ ဆေးလိပ်ပိုင်းတွေ၊ ဖောက်ထားတဲ့ရေသန့်ဗူးခွံတွေ တွေ့ရှိရတယ်။ မူးယစ်ဆေးဝါး သုံးစွဲရာမှာ သုံးတဲ့ပစ္စည်းတွေပေါ့။ ၇ တန်းအခန်းထဲမှာတွေ့တာ။ ကျောင်းမှာ ဒီလိုတွေ့တယ်ဆိုပြီး မြို့နယ်ပညာရေးမှူးကိုပြောတော့ သူလည်းရောက်လာတယ်။ သူကတော့ ကျောင်းကို လုံလုံခြုံခြုံထားဖို့မှာသွားတယ်”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ကျောက်ဖြူမြို့နယ်ပညာရေးမှူး ဦးကျော်လှိုင်အားဆက်သွယ်ရာတွင် တွေ့ရှိသည့်ပစ္စည်းများကို ရပ်ကွပ်အုပ်ချုပ်ရေးမှူးထံ အပ်နှံထားကြောင်းပြောသည်။

“ကျနော် အဲဒီကျောင်းကိုသွားလိုက်ပါတယ်။ တွေ့ရှိတဲ့ပစ္စည်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ အပ်ထားတယ်လို့ပြောတယ်။ ဒီကိစ္စကို သက်ဆိုင်ရာရဲစခန်းကိုတိုင်တန်းထားတာတော့မရှိဘူး”ဟုပြောသည်။

ကျောင်းမှာ လူသွားလမ်းနှင့်နီးသည့်အတွက် ကျောင်းခြံတံခါးကိုကျော်ကာ ဆေးသုံးစွဲသည့်ပုံစံမျိုးဖြစ်နိုင်ပြီး ကျောင်းကော် မတီဝင်များနှင့်တိုင်ပင်ကာ ကျောင်းခြံစည်းရိုးကာရန်ပြင်ဆင်နေကြောင်းလည်း တာဝန်ကျဆရာမတစ်ဦး ဖြစ်သည့် ဒေါ်အေးကျော့မေကဆက်ပြောသည်။

https://www.facebook.com/westernnewsagency/posts/316515156821662

Leave a Reply

Your email address will not be published.