ကျောက်တော် မဟာမုနိဘုရားတွင်း တပ်မတော်နှင့် AA ဘက်မှ အောက်ခြေစစ်သားချင်းထိတွေ့မှုရှိခဲ့မှုမှာ ပြေလည်သွားပြီဟု AA ပြော

By Western News/ 2021 June 27

ဓာတ်ပုံ- ပြီးခဲ့သည့်မတ် ၁၉ ရက်နေ့ တွင် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်တို့ မီးလောင်ခဲ့သည့် တိမ်ညို စစ်ဘေးရှောင်စခန်းအား သွားရောက်ခဲ့စဉ်က တပ်မတော်သားများ လုံခြုံရေးယူထားစဉ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားတွင်း၌ တပ်မတော်နှင့် AA ဘက်တို့မှ အောက်ခြေစစ်သားချင်း ထိတွေ့မှု ရှိခဲ့ခြင်းနှင့် ပတ်သက်၍ လက်ရှိတွင် ပြေလည်မှုရှိသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ဘက်မှအတည်ပြုပြော ကြားသည်။

အောက်ခြေစစ်သားချင်း ပြဿနာအနည်းငယ်တက်ခဲ့ပြီး ယခုညှိနှိုင်း၍ အခြေအနေမှာပုံမှန်ဖြစ်သွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ မှ Western News ကိုပြောသည်။

“မဟာမုနိဘုရားနားမှာ အောက်ခြေစစ်သားအချင်းချင်း ပြဿနာလေးနည်းနည်း တက်ခဲ့တာတော့ ရှိတယ်ဗျ။ ခုကတော့ နှစ်ဘက် ညှိနှိုင်းပြီး ပြေပြေလည်လည် ဖြစ်သွားကြပါပြီ။ ခုတော့ အဲဒီနေရာမှာ ပုံမှန်အတိုင်းပါပဲ အေးအေးဆေးဆေး ဖြစ်သွားပါပြီ” ဟု ပြောသည်။

ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ ည ၁၂ နာရီလောက်တွင် မဟာမုနိဓမ္မာရုံထဲ၌နေထိုင်သည့် ရဲယူနီဖောင်းဝတ်ထားသည့် သူများ၏ လက်နက်များကို AA တပ်မှ စစ်သားများက သိမ်းယူသွားသည် ဟု ၎င်းနေရောအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦး ကပြောသည်။

“လက်နက်တွေကို ရက္ခိုင့်တပ်တော်ဘက်က လူတွေက လာသိမ်းသွားတယ်။ သိမ်းယူသွားတဲ့ လက်နက်အရေအတွက်က ၂၀ လောက်ရှိတယ်။ အဲဒီလိုအဖြစ်ပျက်တွေဖြစ်တော့ ဒေသခံတွေဖက်က ဖြစ်လာမယ့်အခြေနေပေါ်မျာ စိုးရိမ်မှုတွေလည်းရှိနေတယ်”ဟုဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်တော်မဟာမုနိဂေါပကအား Western News မှဆက်သွယ်မေးမြန်းကြည့်ရာတွင် လက်နက်သိမ်းယူမှုကိစ္စမှာ ဟုတ်မှန်ကြောင်းပြောသည်။“ဟုတ်တယ်။ ဖြစ်တာကတော့ ထွေထွေထူးထူးမဟုတ်ဘူး။ အဲဒီကိစ္စကို အလှဲအလှယ်လုပ်ဖို့ ပြင်နေကြတယ်” ဟုဆိုသည်။

လက်နက် ၂၀ အား AA ဘက်မှသိမ်းယူသွားခြင်းကို ဒေသခံများ၏ ကပြောဆိုချက် အရသာသိရခြင်းဖြစ်ပြီး ၎င်းကို Western News မှသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ ၎င်းကိစ္စနှင့်ပတ်သက်၍ အတည်ပြုနိုင်ရန် ရခိုင်ပြည်နယ် စစ်ကောင်စီ အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရအား Western News မှဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပေ။

https://www.facebook.com/westernnewsagency/posts/318584876614690

Leave a Reply

Your email address will not be published.