By Western News/ 2021 June 10

မီးရှို့ခံလိုက်ရသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ကျေးရွာသူ၊ သားများ နေရပ်ပြန်နိုင်ရေးကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံသို့ နှစ်ကြိမ်အထိစာတင်ပြတောင်းဆိုထားသော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိသည်မှာ ၁ လနီးကြာရှိနေပြီဖြစ်သည်ဟု ကျးရွားသားများကပြောသည်။
ယင်းကြောင့် မိမိတို့ကျေးရွာသားများနေရပ်ပြန်နိုင်မည့်အရေးကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ လုပ်ဆောင်မပေးလျှင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအထိစာတင်ပြတောင်းဆိုသွားမည်ဟု စာတင်ပြတောင်းဆိုထားသည့် တင်းမကျေးရွာမှ ကျောင်းထိုင်ဆရာတော်ကမိန့်သည်။
ယခုလိုစာတင်ပြတောင်းဆိုရခြင်းမှာ တင်းမကျေးရွာသားများအနေဖြင့် မိမိတို့နေရပ်သို့ပြန်သွားပြီး ယခုနှစ် မိုးရာသီတွင် လယ်ယာ လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ ကျောင်းသူကျောင်းသားများ ပညာသင်ကြားနိုင်ရန်၊ မီးရှို့ခံလိုက်ရသည့်နေအိမ်များ နစ်နာကြေးငွေရရှိနိုင်ရန်အတွက် စာတင်ပြေတာင်းဆိုရခြင်းဖြစ်သည်ဟု တင်းမကြေးရွာမှ ကျောင်းထိုင်ဆရာတော်ဦးဝါယာမိန္ဒက မိန့်သည်။
“ ပြည်နယ်ကောင်စီကိုစာတင်ပြထားတာနဲ့ပတ်သက်လို့ ဘာတစ်ခုမှအကြောင်းပြန်လာတာမရှိသေးဘူး။ သူတို့ လုပ်ပေးပေလိုလိုနဲ့ ပွင့်ပွင့်လင်းလင်းလည်းမပြောဘူး။ စဉ်းစားမယ်ဆိုပြီးတော့ လျစ်လျူရှု့ထားကြတယ်။ ဦးဇင်းတို့က ဒီနှစ်မိုးရာသီမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်စေဖို့၊ ကျောင်းသူ၊သားတွေပညာသင်ကြားနိုင်စေ ဖို့၊ မီးရှို့ခံလိုက်ရတဲ့နေအိမ်တွေကို နစ်နာကြေးငွေပြန်ရနိုင်စေဖို့အတွက် စာတင်ထားတာ။ အဲဒါကိုပြည်နယ်ကောင်စီ အနေနဲ့ ဘာတစ်ခုမှမလုပ်ပေးသေးဘူး။ ဒါကိုပြည်နယ်ကမလုပ်ပေးဘူးဆိုရင် ကိုယ်တော်ရို့ကနိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ အထိတင်ပြတောင်းဆိုသွားမယ် ”ဟု ပြောသည်။
လက်ရှိအချိန်တွင် တင်းမကျေးရွာသားများမှာ စစ်ဘေးရှောင်စခန်းတို့တွင် ခိုလှုံနေကြရသည်မှာ ၁ နှစ်ကျော်ကြာ ရှိနေပြီဖြစ်သလို နေထိုင်၊ စားသောက်ရေးတို့မှာလည်း အဆင်မပြေမှုများနှင့်စွာကြုံတွေ့နေကြရသဖြင့် မိမိတို့ နေရပ်သို့ပြန်နိုင်ရန် ပြည်နယ်ကောင်စီ အနေဖြင့်အမြန်ဆုံးဆောင်ရွက်ပေးစေလိုကြောင်းတင်းမကျေးရွာသားများက ပြောသည်။
“ အခုကကျွန်မတို့စစ်ရှောင်စခန်းမှာခိုလှုံနေကြတာ တစ်နှစ်ကျော်ရှိနေပြီ။ စစ်ဘေးရှောင်စခန်းတွေမှာခိုလှုံနေရ တော့ နေရတာ၊ စားရတာတွေကအဆင်မပြေမှုတွေအများကြီးရှိတာပေါ့။ အခုဆိုရင်တိုက်ပွဲတွေလည်းမရှိတော့ ကိုယ့်ရွာကိုပြန်လို့ အခြေချနေထိုင်ပြီး တော့လုပ်ကိုင်စားသောက်လို့ရပြီ။ဒါကို ပြည်နယ်ကောင်စီအနေနဲ့ နေရပ် ပြန်နိုင်ဖို့အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်”ဟု တင်းမကျေးရွာမှ ဒေါ်ဘူဘူကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက တင်းမကျေးရွာ သားများနေရပ်ပြန် နိုင်မည့်ကိစ္စကို မီးလောင်သွားသည့်လက္ကာကျေးရွာနှင့် ဖားပြိုကျေးရွာတို့မှ နေအိမ်များကို ဆောက်လုပ်ပေးပြီးမှ စဉ်းစားသွား မည်ဖြစ်ကြောင်း ပြောသည်။
“တင်းမကိစ္စကိုတော့ ဖားပြိုရွာနဲ့လက္ကာရွာမှာ နေအိမ်တွေကိုဆောက်လုပ်ပေးပြီးမှ စဉ်စားသွားမယ်”ဟု ပြောသည်။
တင်းမကျေးရွာတွင် ယခင်ကအိမ်ခြေ ၅၈၅ ဆောင်ရှိသော်လည်း လက်ရှိအချိန်တွင် အိမ်ခြေ ၉၃ လုံးမှာပျက်စီးသွားပြီး၊ ကျန် ၁၃၂ လုံးမှာ မီးရှုံ့ခံလိုက်ရသည်။
https://www.facebook.com/westernnewsagency/posts/307697054370139