ကျောက်တော်နှင့်ပလက်ဝတွင် မိုင်းပေါက်ကွဲမှုကြောင့် ၂ ရက်အတွင်း အမျိုးသမီး ၂ ဦး ဒဏ်ရာရ

By Development Media Group (DMG)/ June 18

မိုင်းထိမှန်ဒဏ်ရာများ ရရှိခဲ့သည့် ကျောက်တော်မြို့နယ်မှ အမျိုးသမီးတစ်ဦးအား သယ်ဆောင်လာစဉ်။ (ဓါတ်ပုံ – REC )

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့တို့တွင် မိုင်းနင်းမိသောကြောင့် အမျိုးသမီးနှစ်ဦး ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၇ ရက်နေ့ နေ့လည်ပိုင်းက ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ အသက် ၄၉ နှစ်အရွယ် ဒေါ်အေးမြမှာ အဖေါ်များနှင့်အတူ မျှစ်ခူးရန်သွားစဉ် မိုင်းနင်းမိသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ပြောသည်။

မိုင်းနင်းမိသဖြင့် ဘယ်ဖက်ခြေကျင်းဝတ် ပြတ်ထွက်သွားပြီး ညာဖက်ပေါင်၊ ခြေသလုံးနှင့် ဝမ်းပိုက်နေရာတို့တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်ဟု ဆိုသည်။

“သူတို့မှာ သားမိနှစ်ယောက်ပဲရှိတာ။ သူ့သမီးကျောင်းတက်နေတဲ့အတွက် မျှစ်ရှာရောင်းချပြီး သမီးကိုကျောင်းထားပေးနေတာ။ မနေ့က နေ့လယ် ၁၂ နာရီကျော်လောက်က အခြားအမျိုးသမီး ၅ ယောက်နဲ့အတူ မျှစ်ရှာဖို့သွားတာ။ လူတွေခွဲပြီးသွားကြတာတဲ့။ အဲဒီမှာ သူတစ်ယောက်တည်းနင်းမိပြီး ဒဏ်ရာရသွားတာပါ။ ” ဟု ဦးအောင်မြင့်က ပြောသည်။

လက်ရှိမှာ ဒဏ်ရာပြင်းထန်သည့်အတွက် ကျောက်တော်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေသည်ဟု သမီးဖြစ်သူ မစုပုံချစ်ကပြောသည်။

ယင်းပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ဇွန် ၁၆ ရက်နေ့က အောက်သန်ထောင်ကျေးရွာမှ အသက် ၄၀ ကျော် ဒေါ်ဆိပ်ဟော်မှာ အနီးနားတောင်ပေါ်သို့ မျှစ်ရှာသွားရမှ မိုင်းနင်းမိပြီး ညာဖက်ခြေကျင်းဝတ်တစ်ဖက် ဖြတ်လိုက်ရကြောင်း လက်ရှိတွင် မြောက်ဦးဆေးရုံကြီး၌  ဆေးကုသခံနေရသည်ဟုလည်း မိသားစုဝင်တစ်ဦးဖြစ်သူ ဦးအောင်အောင်သန်းကပြောသည်။

“အခု ဆေးရုံမှာ ဆရာဝန်ကြီးလည်း မရှိဘူး။ အခြားတာဝန်ရှိသူတွေကပဲ ဆေးကုသပေးနေတယ်။ ခြေ ထောက်ဖြတ်လိုက်ရတာကလွဲလို့ ကျန်းမာရေးအခြေနေတော့ စိုးရိမ်စရာမရှိပါဘူး။ ” ဟု ဆိုသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ယူထားသည့် စစ်တမ်းများအရ တိုက်ပွဲဖြစ်ပွားသည့်အချိန်မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၉ ဦးထိရှိကြောင်း သိရသည်။ ၎င်းထဲတွင် ကလေးငယ်သူငယ် အများဆုံးပါဝင်နေကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2040800492739018

Leave a Reply

Your email address will not be published.