By Irrawaddy/ 2021 June 27

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ဝင်များထံမှ သေနတ် အလက် ၂၀ ကျော်ကို ရက္ခိုင် စစ်တပ် (AA) တပ်ဖွဲ့ဝင်များက လာရောက် သိမ်းဆည်းသွားကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၇ ရက်) နံနက် ၁ နာရီဝန်းကျင်က ဘုရားကြီးဝင်းထဲရှိ ဓမ္မာရုံတွင် စခန်းချနေထိုင်လျက်ရှိသည့် မြောက်ဦး ရဲ တပ်ရင်းမှ တပ်ဖွဲ့ဝင် အယောက် ၂၀ ကျော်ကို AA တပ်ဖွဲ့ဝင်များက ပိတ်ဆို့ ဖမ်းဆီးပြီး လက်နက်များကို သိမ်းဆည်းသွား ခြင်း ဖြစ်ကြောင်း ထိုအနီးနားတွင် နေထိုင်သည့် ကျောက်တော် ဒေသခံတဦးက ဆိုသည်။
၎င်းက “ဘုရားကြီးထဲမှာ တပ်စွဲ မနေဖို့ AA အကြိမ်ကြိမ် သတိပေးထားတယ်လို့ ပြောတယ်။ သူတို့ ရှိနေရင် ဘုရားဖူးတွေ မလာရဲဘူး။ အဲဒါကို မလိုက်နာတဲ့အတွက် ဒီနေ့ မနက် ၁ နာရီဝန်းကျင်မှာ AA လာပြီးတော့ သူတို့ကို ဝိုင်းထားတယ်ပေါ့။ ပြီးရင် သေနတ်တွေကို ယူသွားတယ်။ လူကိုတော့ ဒီအတိုင်း ထားခဲ့တယ်။ အဲဒီလိုတော့ ကြားရပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ AA မှ ပြောခွင့်ရရှိသူ ဦးခိုင်သုခ က “အဲဒီ မဟာမုနိဘုရားနားမှာ လူငယ်သဘာဝပေါ့နော်။ တဖက်နဲ့တဖက် ပြဿနာတွေ နည်းနည်း ရှိခဲ့တာတော့ ရှိတယ်။ ဒါပေမယ့် အခုကတော့ နှစ်ဖက် ညှိနှိုင်းပြီး ပြေပြေ လည် လည် ဖြေရှင်းလိုက်ကြပြီ။ လောလောဆယ်တော့ ပြဿနာတွေ အေးအေးဆေးဆေးပါပဲ” ဟု ဧရာဝတီကို ပြောသည်။
သို့သော် ထိုဖြစ်ရပ်အပေါ် အသေးစိတ်ပြောဆိုခြင်း မရှိသလို၊ လက်နက် သိမ်းဆည်သွားသည် ဆိုသော ကိစ္စနှင့် ပတ်သက်၍ မေးမြန်းရာတွင် တစုံတရာ မှတ်ချက်ပေးခြင်း မရှိပေ။
ဘုရားကြီးအနီးတွင် နေထိုင်သည့် ဒေသခံတဦးကလည်း ထိုသို့ လက်နက်များကို ယူဆောင်သွားသည်ဟု သတင်းများကြား ရသည့်အတွက် ယနေ့ ဘုရားဖူးများလည်း ဝင်ရောက် ဘုရား မဖူးရဲသလို ဈေးသည်များမှာလည်း ဘုရားကြီးထဲသို့ မဝင်ရဲ တော့ဘဲ စိုးရိမ်မှုများ ဖြစ်ပွားနေကြောင်း ပြောဆိုကြသည်။
၎င်းက “အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာ မဟုတ်တဲ့အတွက် သေနတ်သံတွေ ဘာတွေတော့ ကျနော်တို့လည်း မကြားဘူး။ လက်နက်တွေ သိမ်းသွားတယ်လို့တော့ ပြောသံကြားတယ်။ ဒေသခံတွေကတော့ ဘုရားကြီးထဲမှာ စခန်းချနေထိုင်တာကို မကြိုက်ကြဘူး။ အဲဒါကြောင့် လုပ်တာလား၊ ဘာကြောင့်လဲ ဆိုတာတော့ ဖြစ်ကြတဲ့ လူတွေပဲ သိကြမယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့သည် ပြီးခဲ့သော ၂၀၂၀ အောက်တိုဘာလကတည်းက အပစ်အခတ် ရပ်ထားသော်လည် နှစ်ဖက် ခိုင်မာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ မြေပြင် တပ်ချင်း ဆိုင်ထားသည့် အခြေအနေသာ ရှိနေသည့် အတွက် အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်လာမှာကို ဒေသခံများ စိုးရိမ်ပူပန်လျက်ရှိသည်။
https://www.facebook.com/theirrawaddyburmese/posts/4621821357861980