ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်ထိတွေ့သူ ၅ ဦး ကွာရန်တင်းဝင်နေရ

By Narinjara/ 2021 June 20

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် သူ၏ ဝန်ထမ်းတစ်ဦးတွင် ယနေ့ ဇွန်လ ၂ဝ ရက်နေ့ နံနက်က ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

၎င်းတို့မှာ ဖျားနာနေသဖြင့် မသင်္ကာ၍ ကိုဗစ်ပိုးစစ်ဆေးရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း မောင်တောမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“သူတို့က နေမကောင်းလို့အိမ်မှာနေတာပါ။ ဖျားနေလို့စစ်လိုက်တာပါ။ သူတို့ကတော့ ဝန်ထမ်းဖြစ်တဲ့အတွက် သွားတာ လာတာတော့ရှိမှာပါပဲ။ ခိုးဝင်နဲ့တိုက်ရိုက်တွေ့စရာအကြောင်းတော့မရှိဘူး။ ထိတွေ့လူနာတွေကိုတော့ မစစ်ရသေးဘူး။ ကွာရန်တင်းထားထားတယ်။” ဟုပြောသည်။

၎င်းတို့နှစ်ဦးအနေဖြင့် မည်သည့်နေရာမှ ကိုဗစ်ပိုးကူးစက်သည်ကို လောလောဆယ် မသိရှိရသေးပေ။

မောင်တောမြို့နယ်တွင် လွန်ခဲ့သည့်မတ်လအတွင်းမှ ယနေ့ ဇွန်လ ၂ဝ ရက်နေ့အတွင်း ကိုဗစ်တတိယလှိုင်းအတွင်း ဘင်္ဂလားဒေ့ရှ့်မှ ပြန်လာသူ သုံးဦးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့နှစ်ဦး၊ စုစုပေါင်း ၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားပြီဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၇၁ ဦးအထိ ရှိသွားပြီဖြစ်သည်။

၂ဝ၂ဝ ပြည့်နှစ်ကိုဗစ်ဒုတိယလှိုင်းအတွင်းကာလကလည်း ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၃၇ ဦးနှင့် ၄၂၆၄ ဦးတို့တွွင် ရောဂါကူးစက်ခံခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4426620654016644

Leave a Reply

Your email address will not be published.