By Development Media Group (DMG)/ June 25
ဆယ်စုနှစ်တစ်ခုကြာ နှစ်စဉ်ကျင်းပလာခဲ့သည့် မာန်အောင်မြို့နယ်မှ ရွက်လှေငယ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပလျက်ရှိသည်။
အဆိုပါ လှေငယ်ပြိုင်ပွဲကို မာန်အောင်မြို့နယ် ကုန်တန်းကျေးရွာ၌ ဇွန်လ ၂၄ ရက်နေ့မှစတင်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ရွက်လှေငယ်အစီးရေ ၁၀၀ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
“လာပြိုင်တဲ့ ရွက်လှေက အရင်တုန်းကထက် အစီးရေပိုများလာတယ်လို့ပြောလို့ရတယ်။ လှေပြိုင်ပွဲဝင်ကြေးကတော့ တစ်စီးကို ၃၀၀၀ သတ်မှတ်ထားတယ်။”ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုဆန်းဝင်းက ပြောသည်။
ပြိုင်ပွဲတွင် လှေငယ်များကို အုပ်စုခွဲယှဉ်ပြိုင်စေပြီး အုပ်စုမှအနိုင် ရရှိသူများကိုထပ်မံယှဉ်ပြိုင်စေကာ ဆုရွေးချယ်သတ်မှတ်ပေးခြင်း ဖြစ်သည်။
ပြိုင်ပွဲဆုကြေးက ပထမဆု ၈၀၀၀၀၊ ဒုတိယ ၆၀၀၀၀၊ တတိယဆု ၃၀၀၀၀၊ ဇွဲဆု ၁၅၀၀၀ အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ပြိုင်ပွဲတွင်ဝင်ပြိုင်မည့်လှေမှာ အလျား ၂၅ လက်မအရှည်သာ ရှိရမည်ဟု စည်းကမ်းသတ်မှတ်ထားသည်။
ရွက်လှေငယ်ပြိုင်ပွဲတွင် ကိုယ်တိုင်ဖန်တီးထားသည့် လှေငယ် များဖြင့်ဝင်ပြိုင်ကြသဖြင့် ပြိုင်ပွဲမကျင်းပမှီ တစ်လကျော်မှကြိုတင်ကာ လှေကိုဒီဇိုင်းအမျိုးမျိုးဖြင့်ဖန်တီးထားရကြောင်း ပြိုင်ပွဲ ဝင်ရောက်နေသည့် ကိုထွန်းထွန်းဦးကပြောသည်။
“ရွက်လှေကိုမပြိုင်ခင် တစ်လလောက်ကတည်းက ကြိုပြီးတော့လုပ်ထားရတယ်။ အဲဒါမှသစ်သားကခြောက်ပြီး ပေါ့ပါးမှုရှိတယ်ပေါ့။ နောက်တစ်ခုက လှေရဲ့တက်မကလဲ အရေးကြီးတယ်။ ကိုလှေမြန်နှုန်းကို ထိန်းဖို့လိုတယ်။ အဲဒါမှ လှေကတည့်တည့်မတ်မတ်သွားတယ်”ဟု ၎င်းကဆိုသည်။
ရွက်လှေငယ်ပြိုင်ပွဲတွင် သစ်သားဖြင့်ပြုလုပ်ထားသော လှေငယ်အား စာရွက်၊ ပလက်စတိတ် စသည့်အရာများကို ရွက်အဖြစ်အသုံးပြုကာ လေတိုက်နှုန်း၏အရှိန်ဖြင့် ရွှေ့လျားစေပြီး ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
လှေအလေးချိန်ညီမျှမှု မရှိပါက လှေမှောက်ခြင်း၊ တည့်မတ်စွာ မသွားခြင်းများရှိသဖြင့် လိုရာပန်းတိုင်ကိုရောက်ရှိရန် အလွန်ခက်ခဲကြောင်း ရွက်လှေပြိုင်ပွဲဝင်သူများက ပြောဆိုကြသည်။
မာန်အောင်မြို့နယ်တွင် အခြားမြို့နယ်များကဲ့သို့ လှေအကြီးများဖြင့် လှေပြိုင်ပွဲကျင်းပနိုင်မည့်နေရာမရှိသဖြင့် ယခုကဲ့သို့ ရွက်လှေငယ်များဖြင့် ပြိုင်ပွဲကျင်းပခြင်းဖြစ်သည်ဟုပြောဆိုမှုများရှိပြီး ရိုးရာလှေပြိုင်ပွဲအဖြစ်လည်း တင်စားခေါ်ဝေါ်ကြသည်။
https://www.facebook.com/dmgnewsagency/posts/2046216775530723