ကိုဗစ်ကြောင့်ပိတ်ထားသည့် နယ်စပ်ကုန်သွယ်ရေး ၂ လ နီးပါးအတွင်း ကန်ဒေါ်လာ ၁၇ သိန်းကျော်ခန့် ကုန်သွယ်နိုင်ခဲ့

By Western News/ 2021 June 9

၂၀၂၀ ခုနှစ် သြဂုတ်လကတည်းက ကိုဗစ်ရောဂါကြောင့် ၉ လ ကျော်ကြာပိတ်ထားခဲ့ရသည့် မောင်တောနယ်စပ်ကုန် သွယ်ရေးစခန်းကို ယခုနှစ် ဧပြီလ ဒုတိယအပတ်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ၂ လနီပါးအတွင်း အဆိုပါကုန်သွယ် ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၇ သိန်းကျော်ဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်းသိရှိရသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ယခုနှစ် ဧပြီလ ၁၄ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပြီးနောက် ယင်းလအတွင်း မောင်တော နယ်စပ်ကုန် သွယ်ရေးစခန်းက အမေရိကန်ဒေါ်လာ ၆ သိန်းကျော်ဖိုးထိ တင်ပို့နိုင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဖက်မှ တင်သွင်းကုန် တန်ဖိုးမှာ ဒေါ်လာ ၂ ထောင်ဖိုးခန့်သာ ရှိခဲ့သည်။

ယင်းအပြင် မေလကလည်း ဒေါ်လာ ၁၁ သိန်းဖိုးထိတင်ပို့ နိုင်ခဲ့ ပြီး ဘင်္ဂလာဒေ့ရှ်ဖက်က သွင်းကုန်မှာ ဒေါ်လာ ၂ သောင်းဖိုးခန့်သာ တင်သွင်းခဲ့သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဥက္ကဌ ဦး အောင်မြင့်သိန်းက Western News သို့ပြောသည်။

“ဧပြီ ၁၄ ရက်နေ့က စဖွင့်တာဆိုတော့ အဲ့ဒီလက အမေရိကန်ဒေါ်လာ ၆ သိန်းကျော်ဖိုးလောက် ကုန်ပစ္စည်းတွေ တင်ပို့နိုင်ခဲ့တယ်။ သွင်းကုန်ကတော့ ဒေါ်လာ ၁ ထောင် ၂ ထောင်ဖိုးလောက်ပါပဲ။ ပြီးခဲ့တဲ့မေလကကျတော့ ဒေါ် လာ ၁၁ သိန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တယ်။ တင်သွင်းကုန်ကကျတော့ ၂ သောင်းဖိုးလောက်ပေါ့။ ဒီလထဲမှာ ပိုပြီးတော့ ကုန်သွယ်နိုင်ဖို့ခန့်မှန်းထားတယ်”ဟုပြောသည်။

လက်ရှိတွင်လည်း အဆိုပါ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် သို့ တင်ပို့ကုန်အဖြစ် ရခိုင်ပြည်တွင်းမှ ရေထွက်ပစ္စည်းမှာ ငမြစ်ချင်း နှင့် စားသုံးကုန်တွင် ကြက်သွန်ကို အဓိကတင်ပို့နေပြီး၊ ဘင်္ဂလားဒေ့ရှ်ဖက်မှ ဒယ်အိုး၊ ဒယ် ခွက်နှင့် ပလတ်စတစ် အသုံးအဆောင်များကို အဓိက တင်သွင်းနေသည်ဟု ၎င်းကဆက်ပြောသည်။

ယင်းပြင် နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်နေသည့် ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ရောဂါဖြစ်ပွားနေသော်လည်း လက်ရှိကုန် သွယ်မှုပြုလုပ်နေသည့် နေရာမှာ ကိုဗစ်ဖြစ်ပွားသည့် နေရာနှင့်ဝေးသလို ကူးစက်မှုမဖြစ်ပွားရန်အတွက်လည်း မောင်တောကုန်သွယ်ရေးစခန်းတွက် ကွာရက်တင်းစင်တာများပြုလုပ်ထားသည်ဟုလည်း ဦးအောင်မြင့်သိန်းက ပြောသည်။

မောင်တော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိမ်နီချင်းနိုင်ငံဖြစ်သည့် ဘင်္လားဒေ့ရှ်ကို ကိုဗစ်ရောဂါမဖြစ်ပွားသည့် နှစ်များက ရခိုင်ပြည်မှ ထွက်ရှိသည့် ကြက်သွန်အပါအဝင် မီးဖိုချောင်သုံးကုန်ပစ္စည်းများကို ၉၀ ရာခိုင်နှုန်းထိ တင်ပို့နိုင်ခဲ့ပြီး ယင်းဖက်မှ ကုန်ပစ္စည်း ၁၀ ရာခိုင်နှုန်းခန့်သာတင်သွင်းခဲ့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အဓိက ကုန်သွယ်မှုပြုလုပ်နေသည့် ရခိုင် ပြည်၏ အရေး ပါသည့် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပြီး အဆိုပါကုန်သွယ်ရေးစခန်းမှ ယခင်က ဝင်ငွေမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ထိရှိကြောင်းသိရှိရသည်။

https://www.facebook.com/westernnewsagency/posts/307012294438615

Leave a Reply

Your email address will not be published.