By Development Media Group (DMG)/ June 21

ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုရှိနေသည့်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများကို ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားရသည်ဟု မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပလက်ဝမြို့တွင် ကိုဗစ် ၁၉ ကူးစက်မှုအား လျော့ကျစေရန်နှင့် လူစုလူဝေးမဖြစ်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားလာသည့်အတွက် လက်ရှိတွင် ကျောင်းများအားလုံးကို ယာယီပိတ်ထားရခြင်းဖြစ်ပြီး ကိုဗစ်ကူးစပ်မှု လျော့နည်းလာမှသာ ကျန်းမာရေးဌာနမှ ညွန်ကြားချက်ဖြင့် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပလက်ဝမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးမင်းလိုက်က ပြောသည်။
“ ဇွန် ၁ ရက်နေ့က ဖွင့်ခဲ့တယ်။ ကိုဗစ်ပိုးတွေ့တဲ့အတွက် ၉ ရက်နေ့မှာ ပြန်ပိတ်လိုက်ရတယ်။ ဘယ်နေ့ပြန်ဖွင့်မလဲဆိုတာကိုတော့ မသိရသေးဘူး။ ကျန်းမာရေးဌာနက ခွင့်ပြုချက်ကျမှပြန်ဖွင့်ရမယ်။ ကျောင်းတွေ ပိတ်ထားပေမဲ့လည်း ဆရာ၊ မတွေကို ဘယ်မှမသွားခိုင်းဘူး။ ရွာမှာကျနေတဲ့သူတွေဆိုလည်း အဲဒီမှာပဲ နေခိုင်းထားတယ်။ ကျောင်းပြန်ဖွင့်တဲ့အခါ အဆင်သင့်ဖြစ်အောင်လို့ပေါ့နော်။ အခုလိုမျိုး ကျောင်းတွေ ပိတ်ထားတဲ့အတွက်လည်း ကလေးတွေကိုကြည့်ပြီး ဆရာတို့အနေနဲ့တော့ တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ကျောင်းများကို ယာယီပိတ်ထားရသော်လည်း ကျောင်းပြန်ဖွင့်သည့်အခါ ကျောင်းသားကျောင်းသူများအနေဖြင့် စာနောက်မကျဖို့အတွက် စနေ၊ တနင်္ဂနွေ အစားထိုး ၂ ရက်စာသင်ပေးသွားဖို့ အစီစဉ်ရှိသည်ဟုလည်း ၎င်းကဆိုသည်။
ပလက်ဝမြို့တွင် ဒေသမတည်ခြင်း၊ ကိုဗစ်ကူးစက်မှုများ ရှိလာခြင်းကြောင့် ကျောင်းများကို ယခင်နှစ်က ယာယီပိတ်ထားခဲ့ရပြီး ယခုနှစ်တွင်လည်း ကျောင်းများပိတ်သွားမည်ကို ကျောင်းသားမိဘများအနေဖြင့် စိုးရိမ်နေကြသည်။
ကျောင်းသားမိခင် တစ်ဦးဖြစ်သူ ဒေါ်ချိုချိုက “ ကျမတို့ သားသမီးတွေကို ပညာရေးဖက် နောက်ကျသွားမှာကို အရမ်းစိုးရိမ်တယ်။ ကျောင်းတစ်နှစ်နောက်ကျရင် တစ်နှစ် အသက်တွေ ကြီးသွားမယ်။ ကျောင်းမတက်ချင် ကြဘူးဖြစ်လာမယ်။ ဒီနှစ်လည်း မတက်ရဘူးဆိုရင်တော့ အရမ်းနစ်နာမယ်။ အဲဒါကြောင့် ကျောင်းအမြန်ဆုံးဖွင့်ဖို့ ကျမတို့ မျှော်လင့်ပါတယ်။ တချို့ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းမတက်တော့ဘဲ သားမယား ယူသွားတဲ့သူတွေတောင်ရှိနေပြီ” ဟု ဆိုသည်။
ပလက်ဝမြို့တွင် ကိုဗစ်ကူးစပ်ခံရသူအရေအတွက်မှာ ဇွန် လ ၉ ရက်နေ့က ၇ ဦးနှင့် ဇွန် ၂၀ ရက်နေ့က ၁ ဦး စုစုပေါင်း ရောဂါကူးစက်ခံရသူ ၈ ဦးထိရှိလာပြီး ၇ ဦးမှာ ရောဂါကောင်းမွန်သည့်အတွက် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ပလက်ဝမြို့ ပြည်သူဆေးရုံကြီးမှ ဒေါက်တာ စိုးသက်ဝင်းကပြောသည်။
“မနေ့ကတစ်ယောက် ကိုဗစ်ပိုးတစ်ယောက်တွေ့တယ်။ အရင် တုန်းက ၇ ယောက်တော့ ကျန်းမာရေးကောင်းလို့ ဆေးရုံကဆင်းသွားပြီ။ အခု တစ်ယောက်လည်း ဘာရောဂါ လက္ခဏာမှ မရှိပါဘူး။ နှာစေးတာ တစ်ခုတည်းပါ။ ကျန်းမာရေးအခြေနေလည်း ကောင်းပါတယ်” ဟုဆိုသည်။
ပလက်ဝတွင် ကိုဗစ်ကူးစပ်ခံရသူများရှိသည့်အတွက် မြို့အဝင်အထွက်များကိုပါ ကန့်သတ် ပိတ်ပင်ထားသည်ဟုလည်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2043252982493769