By Western News/ 2021 June 7

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နှင့် ၅ မိုင်ခန့်ကွာဝေးပြီး ယခင်ရာမောင်ကြိုးတံတားနှင့် ဘေးချင်းကပ်ကာ ဆောက်လုပ်ပြီးစီးထားသည့် ရာမောင်တံတားသစ်ကို ယနေ့ ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က ခရီးသည် တင်ကားနှင့် ကုန်တင်ကားများကို ဖြတ်သန်းသွားလာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း လမ်းတံတားအဖွဲ့မှ Western News ကို ပြောသည်။
ယနေ့ ဇွန်လ ၇ ရက်နေ့တွင် မင်းပြား ရာမောင်ဆိပ်ကမ်း ကူးတို့ဇက်သင်္ဘောပျက်၍ ယာဉ်တန်းရှည်ပိတ်ဆို့နေပြီး အဆိုပါ ပိတ်ဆို့နေသည့် ယာဉ်တန်းသည် မင်းပြားမြို့ဖက်ခြမ်းနှင့် ရာမောင်ဆိပ်ကမ်းမှ ငစရိုင်းချောင်းကျေးရွာ ရန်ကုန်ဖက်ခြမ်းအထိ ကားများ ရာနှင့်ချီပိတ်ဆို့ခဲ့သည်။
ဇက်ရေယာဉ်ပျက်သွား၍ ကားပိတ်ဆို့မှုများပြားလာသည့်အတွက် ပြည်နယ်ကောင်စီကို တင်ပြကာ ယနေ့ ညနေ ၃ နာရီတွင် ကားများကို တံတားဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း လမ်းတံတား အထူးအဖွဲ့မှ ဒုညွှန်ကြားရေးမှူး ဦးမင်းခိုင်က Western News သို့ပြောသည်။
“ဟုတ်ပါတယ်ခင်ဗျ၊ ကျွန်တော်တို့ ကားတွေကို တံတားကနေ ဖြတ်သန်းခွင့် ပြုလိုက်ပါပြီ။ ဇက်ရေယာဉ်ပျက်ပြီးတော့ ကားပိတ်ဆို့ မှုတွေများလာတာကြောင့် ပြည်နယ်ကောင်စီကို တင်ပြပြီး ဒီနေ့ ညနေ ၃ နာရီလောက်က ဖြတ်သန်းခွင့်ပြုလိုက်ပါပြီခင်ဗျ”ဟုပြောသည်။
အဆိုပါ ရာမောင်တံတားကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ ယခုနှစ် ၂၀၂၁ခုနှစ် မေလ အထိ ၃ နှစ်ခွဲကြာကာ ကျပ်သန်းပေါင်း ၁၂၀၀၀ ခန့်ကုန်ကျခံဆောက်လုပ်ခဲခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/305868574552987