UEC ရွေးကော်အသစ်နှင့် တွေ့ဆုံပွဲ ANP မတက်ဖို့ဆုံးဖြတ်

By Narinjara/ 2021 May 19

ထက်အောင် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က အသစ်ဖွဲ့စည်းထားသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) နှင့် နိုင်ငံရေးပါတီများကြား ယခုလ ၂၁ ရက်နေ့ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ (ANP) က တက်ရောက်မည်မဟုတ်ဟု သတင်းရရှိသည်။

ANP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ( CEC) က လက်ရှိ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကြောင် ထိုသို့ မတက်ရန်ဆုံးဖြတ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာကော်မတီဝင် တစ်ဦးဖြစ်သူ  ဦးထွန်းအောင်ကျော်က ပြောသည်။

 “ အကြောင်းကတော့ ကိုယ့်ပါတီတွင်းမှာ မအားမလပ်တဲ့ ကိစ္စရပ်တွေလည်းပါတယ်။ နောက်ပြီး စစ်တွေကနေ ရန်ကုန်၊ အဲဒီကနေ နေပြည်တော် ခရီးလမ်းတွေမှာလည်း လက်ရှိ အခြေအနေတွေက လမ်းပန်းဆက်သွယ်ရေးတွေရဲ့ လုံခြုံရေးအခြေအနေတွေ၊ လောလောဆယ် ပေါက်ကွဲမှုတွေနဲ့ အစစအရာရာ တွက်ချက်ပြီးတော့ ဒီတစ်ကြိမ် မတက်တော့ဘူးလို့ ပါတီ CEC က ဆုံးဖြတ် လိုက်တယ်လို့ သိရပါတယ်” ဟု ပြောပြသည်။

သို့သော် ရခိုင့်ဦးဆောင်ပါတီ (AFP) အနေဖြင့် UEC နှင့် တွေ့ဆုံပွဲ အစည်းအဝေးသို့ တက်ရောက်မည်ကို ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က လွန်ခဲ့သည့် အပတ်က နိရဉ္စရာသတင်းဌာနကို ပြောထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဖိတ်စာရောက်မရောက်ကို မသိရသေးကြောင်း ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောဆိုထားသည်။

နိုင်ငံရေးအပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်သစ် (UEC) နှင့်  တွေ့ဆုံပွဲကို တရားဝင် မှတ်ပုံထားသော နိုင်ငံရေးပါတီ  (၉၃) ပါတီ ရှိသည့်အနက် ပါတီနှစ်ခုက ယာယီရပ်ဆိုင်းထားသည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် (၉၁) ပါတီလုံးကို ဖိတ်ကြားထားကြောင်း ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ UEC ပြောခွင့်ရ ဦးခင်မောင်ဦးက ပြောထားသည်။ 

https://www.facebook.com/narinjara.info/posts/4331291430216234

Leave a Reply

Your email address will not be published.