By Western News/ 2021 May 21

စစ်ကောင်စီမှ ပြန်လည်ဖွဲ့စည်းထားသည့်် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးအားတက်ရောက်ခြင်းမှာ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ မပျက်ကွက်ချင်၍ တက်ရောက်ခြင်း ဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီ AFP ကပြောသည်။
အဆိုပါအစည်းအဝေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၊ အမှတ် ၂ တွင် မေလ ၂၁ ရက်နေ့ ယနေ့ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖိတ်ကြားထားသည့် ၉၁ ပါတီထဲမှ ၆၂ ပါတီတက်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်အစည်းအဝေးကို ရခိုင်မှ ရခိုင့်ဦးဆောင်ပါတီ AFP တစ်ခုသာတက်ရောက်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့မှာတက်ရောက်ခြင်းမရှိပေ။ ပထမအကြိမ်ကျင်းပခဲ့သည့်အစည်းအဝေးကို ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင့်ဦးဆောင်ပါတီ AFP တို့တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့တက်ရောက်ခြင်းမှာ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ မပျက်ကွက်ချင်၍ တက်ရောက်ခြင်းဖြစ်ကြောင်းနှင့် တက်ရောက်သင့်သည့် အကူးအပြောင်းကာလဖြစ်၍ တက်ရောက်ခြင်းဖြစ်ကြောင်း အစည်းအဝေးအားတက်ရောက်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီဥက္ကဌ ဒေါက်တာအေးမောင်ကပြောသည်။
“အခုရွေးကောက်ပွဲကော်မရှင်ကဖိတ်ကြားတဲ့အစည်းအဝေးဟာ နိုင်ငံရေးပါတီတွေက အကြောင်းပြချက်မခိုင်လုံဘဲ ပျက်ကွက်မယ်ဆိုရင် မကောင်းလို့၊ တက်လည်းတက်ဖို့လိုအပ်တယ်။ အကူးအပြောင်းကာလဖြစ်လို့။ ဒီလိုစဉ်းစားဆုံးဖြတ် ပြီးတော့ တက်ဖြစ်တာဖြစ်တယ်။ အစည်းအဝေးကိုတက်တယ်ဆိုကတည်းက နားထောင်ဖို့ပဲတက်တာ။ သူတို့ကဘာတွေ ပြောလဲ၊ ဘာတွေကိုဆွေးနွေးလည်းပေါ့။ အခါအခွင့်သင့်ရင်တော့ ပြန်ပြီးတော့ဆွေးနွေးမယ်ဆိုတဲ့သဘောနဲ့သွားတာ” ဟုပြောသည်။
တွေ့ဆုံညှိနှိုင်းပွဲတွင် UEC ဖက်မှ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပရန်၊ ရွေးကောက်ပွဲကျင်းပရာတွင် PR (အချိုးကျ) စနစ်ကိုကျင့်သုံးရန်နှင့် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတစ်ခုသည် စနစ်တကျကြိုတင်ကြံစဉ်ပြီး ရွေးကောက်ပွဲတွင် မဲမသမာမှုများကိုပြုလုပ်ခဲ့ပြီး ၄င်းမဲမသာမှုအထောက်အထားများကိုလည်း UEC မှတွေ့ရှိထားပြီး မဲမသမာမှု ပြုလုပ်ခဲ့သည့် ပါတီကိုလည်း မကြာမီအချိန်အတောအတွင်းအရေးယူသွားမည့်အကြောင်းများကိုဟုတင်ပြဆွေးနွေးခဲ့သည် ဟု ဒေါက်တာအေးမောင်က ပြောသည်။
https://www.facebook.com/westernnewsagency/posts/294841685655676