By Western News/ 2021 May 2

ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့သည်ဟုဆိုကာ စွပ်စွဲချက်နှင့် ဖမ်းဆီးခံထားရသော AA တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးအမှုအား မေလ ၄ ရက်နေ့တွင် VideoConferencing ဖြင့်ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။
ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြည် ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရသူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ဖြစ်သည်။
လွန်ခဲ့သော သီးတင်းပတ် နှစ်ပတ်လောက်ကတည်းက အမှုကိုစစ်ဆေးရမည်ဖြစ်သော်လည်းရှေ့နေများ ခရီးလွန်သောကြောင့် မစစ်ဆေးနိုင်ဘဲ ယခုအပတ်ရုံးချိန်းတွင် အမှုစစ်အရာရှိ ဒုရဲမှူးဇော်မိုးကိုစစ်ဆေးမည်ဖြစ်သည်ဟု တရားလွတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်ကပြောသည်။
“မေလ ၄ ရက်နေ့မှာရုံးချိန်ရှိတယ်။ ဆေးစစ်ဖို့ကျန်တာကတော့အမှုစစ်အရာရှိတစ်ဦးနဲ့နည်းပညာကျွမ်းကျင်သူတစ်ယောက်ကျန်တယ်။ အဲဒီနေ့တော့အမှုစစ်အရာရှိရဲမှူဇော်မိုးကိုစစ်ဆေးမှာပါ။ သူကသက်သေလျှောက်ဖို့လာတာနှစ်ပတ်ရှိပြီ။ ဘယ်လိုဖြစ်လဲဆိုတော့ မြတ်လင်းဦးရှေ့နေတွေက ရခိုင်ကိုရောက်နေတယ်ဆိုတော့သူတော့မရောက်ရင် နောက်ရှေ့နေတွေကတာဝန်ခံပြီးစစ်ဆေးမှာကို သဘောတူမလားမေးမယ်။သဘောတူတယ်ဆိုရင်ဆက်ပြီးစစ်မယ်။သူတို့ရှေ့နေတွေကိုလည်း ၄ ရက်နေ့အရောက်လာဖို့ ပြောထားတယ်ဟု”ရှေ့နေဦးအောင်ကျော်စိန်ပြောသည်။
ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးအားအကြမ်းဖက်မှုဥပဒေဖြင့်တရားစွဲခြင်းနှင့် ပတ်သက်၍လည်း အဆိုပါလူငယ် ၈ ဦးအားဖမ်းဆီး သည့် အချိန်တွင် AA အား အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားခြင်းမရှိသေးသလို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ မည် ဆိုလျှင်လည်း ပထမဆုံး လူ(သို့)ပုဂ္ဂိုလ်၊အဖွဲ့စည်းကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာထားမှသာ တရားစွဲ၍ ရကြောင်း ဦးအောင်ကျော်စိန်ကပြောသည်။
အမှုတွင် လိုပြသက်သေ ၁၄ ဦးရှိသည့်အနက် ၁၂ ဦးကိုစစ်ဆေးပြီးစီးခဲ့ပြီးဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လကတည်းက အမှုအားကိုဗစ်ကြောင့်ရပ်တန့်ထားခဲ့ကြောင်းလည်းသိရသည်။
ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်းတရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ ၈ ဦးအားအင်းစိန် အကျဉ်းထောင်တွင်ထိန်းသိမ်းထားသည်။
https://www.facebook.com/westernnewsagency/posts/282317536908091