AA တပ်မှူးချုပ်၏ ယောက်ဖနှင့် ညီမဖြစ်သူတို့ အမှုအား စစ်ဆေးပြီးဖြစ်သော်လည်း အမိန့်ချမည့်ရက်ကိုမသိရသေး

By Western News/ 2021 May 1

အကြမ်းဖက်ဥပဒေပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖနှင့် ညီမဖြစ်သူတို့အမှုအား စစ်ဆေးပြီးဖြစ်သော်လည်း အပြီးသတ်အမိန့်ချမှတ်မည့်ရက်ကို မသိရသေးကြောင်းအမှုကိုလိုက်ဆောင်ရွက်ပေးနေသည့်ရှေ့နေက ပြောသည်။

အဆိုပါအမှုအား စွဲချက်တင်သည့်အချိန်တွင် စွဲချက်အမိန့်အားကျေနပ်မှုမရှိသည့်အတွက် ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြန်လည်ပြင်ဆင်ရန်တင်ပြထားခဲ့ပြီး အပြီးသတ်လျှောက်လဲချက်ကိုသာ စောင့်ကြည့်ရမည် ဖြစ်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကျော်စိန်ကပြောသည်။

“သူတို့ပြင်ဆင်မှုကိုရန်ကုန်တိုင်းတရားလွှတ်တော်က လက်ခံတယ်ဆိုပြီးတော့ အမှုတွဲကိုတောင်းသွားတယ်။ ဆိုတော့ အောက်ရုံးမှာ အမှုတွဲ မရှိတဲ့အတွက် အမိန့်ချလို့မရဘူး။ အခုလက်ရှိအနေအထားမှာက အဲဒီအမှုနဲ့ ပတ်သတ်ပြီးတော့ ရန်ကုန်တိုင်း တရားလွှတ်တော်မှာ အပြီးသတ်လျှောက်လဲချက်ပေါ်လာမည့်နေ့ကိုသာ စောင့်ကြည့်ရမှာဖြစ်တယ်”ဟုပြောသည်။

AA တပ်မှူးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည်ထိုင်းနိုင်ငံတွင် ဆေးကုသခံယူနေစဉ်အတွင်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခြင်းကိုခံခဲ့ရသည်။

အလားတူ AA တပ်မှူးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူမှာလည်း သူမ၏ ခင်ပွန်းဖြစ်သူ ကိုကျော်နိုင်ကို လေဆိပ်သို့လာရောက်ကြိုဆိုစဉ်မှာ သမီးဖြစ်သူနှင့် အတူ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ညဖက်အချိန်တွင် မမိုးနှင်းဖြူနှင့် သမီးဖြစ်သူကို ၎င်းတို့နေထိုင်သည့် ရပ်ကွက်ဆီ ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင် အာဏာပိုင်များကခေါ် လာပြီး ကလေးကို ရပ်ကွက်လူကြီးတွေကနေတဆင့် ဆွေမျိုးတွေဆီမှာ အပ်ထားပြီးနောက် မမိုးနှင်းဖြူကို ပြန်ခေါ်သွားခြင်းဖြစ်သည်။

ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်စလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် ဒုရဲမှူးမင်းခိုင်မှ တရားလိုပြုလုပ်ကာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

AA တပ်မှူးချုပ်၏ ယောက်ဖြစ်သူနှင့် ညီမဖြစ်သူတို့၏အမှုတွင် တရားလိုပြသက်သေ ၁၂ ဦးရှိသည့်အနက် နောက်ဆုံးလိုပြသက်သေ ဖြစ်သည့် အမှုစစ်အရာရှိအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လအတွင်းက နောက်ဆုံးအကြိမ်စစ်ဆေးခဲ့ပြီးဖြစ်သည်။

ယင်းအပြင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့်တရားစွဲဆိုခံထားရသည့် AA တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦး၏အမှုကိုလည်း လာမည့် မေလ ၄ ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ရုံးထုတ်စစ်ဆေးသွားဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းစစ်ကောင်စီက ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက် အဖွဲ့မှ ပယ်ဖျက်ထားပြီးအတွက် အကြမ်းဖက်အမှုဖြင့်တရားစွဲဆို ခံထားရသူများကို အမှုရုပ်သိမ်းပေးရန်လိုအပ်ကြောင်းနှင့် လက်ရှိအချိန်တွင်ပြည်နယ်စစ်ကောင်စီကလည်း အကြမ်းဖက်ဥပဒေများဖြင့် တရားစွဲဆိုထားသူများ၏ အမှုအား ရုပ်သိမ်းရန်ဆွေးနွေးနေသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း ရှေ့နေဦးအောင်ကျော်စိန်ကပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့၏ ၂ နှစ်တာကာလအတွင်း တိုက်ပွဲများကြောင့် လက်ရှိအချိန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၂၆၉ ဦးထိရှိပြီး ၄င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦးရှိကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့၏ စာရင်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/281625180310660

Leave a Reply

Your email address will not be published.