By Western News/ 2021 May 11
ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦး၏အမှုကို ယနေ့ မေလ ၁၁ ရက်က ရုံးထုတ်ရာတွင် လိုပြသက်သေမရောက်၍ အမှုအားမစစ်ဆေးဘဲ နောက်အပတ် မေလ ၁၈ ရက်နေ့သို့ ပြန်လည် ချိန်းဆို လိုက်ကြောင်းအမှုလိုက်ရှေ့နေကပြောသည်။
ယနေ့ ရုံးချိန်းတွင် နောက်ဆုံးစစ်ဆေးရန်ကျန်ရှိနေသည့် လိုပြသက်သေဖြစ်သည့် ကွန်ပျူတာနှင့် ဖုန်းနည်းပညာကျွမ်းကျင်သူ ဒုရဲမှူးမင်းမင်းသူမှာ နေပြည်တော်တွင်ရှိနေသောကြောင့် တရားခွင်သို့လာရောက်ခြင်းမရှိသဖြင့် အမှုအားစစ်ဆေးခြင်းမရှိခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က Western News ကိုပြောသည်။
” ဒီနေ့ စစ်ဆေးမည့် သက်သေကမရောက်ဘူး။ နည်းပညာကျွမ်းကျင်သူ ဒုရဲမှူးမင်းမင်းသူပေါ့။ သူက နေပြည်တော်ကိုမှာရှိနေတဲ့အတွက် တရားခွင်သို့မရောက်နိုင်ဘူးလို့သိရတယ်။ သူက နောက်ဆုံးစစ်ဆေးမည့်လိုပြသက်သေဖြစ်တယ်”ဟုပြောသည်။
လိုပြသက်သေ မရောက်ရှိသည့်အတွက်အမှုအား မေလ ၁၈ ရက်နေ့သို့ထပ်မံရုံးချိန်းလိုက်ပြီး နည်းပညာကျွမ်းကျင်သူ ဒုရဲမှူးမင်းမင်းသူအား စစ်ဆေးပြီးလျှင် စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်းလည်း အမှုလိုက်ရှေ့နေကပြောသည်။
ယင်းအပြင် ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးအား ယနေ့ရုံးထုတ်ရာတွင် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်လည်း အမှုစစ်ဆေးသည့်နေရာဖြစ်သည့် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင်တရားရုံးသို့ လာရောက်စောင့်ကြည့်ခဲ့သည်။
ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရ သူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ ဖြစ်သည်။
၎င်းတို့ ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်းတရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ ၈ ဦးအား အင်းစိန်အကျဉ်းထောင်တွင်ထိန်းသိမ်းထားသည်။
https://www.facebook.com/westernnewsagency/posts/288012123005299