AA စစ်ဦးချုပ်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ဦးလွတ်မြောက်လာခြင်းမရှိသေး၊ နောက်လ ၂ ရက်နေ့ကို ထပ်မံရုံးချိန်း

By Narinjara/ 2021 May 25

ချစ်အိလှိုင်

ယနေ့ ရုံးချိန်းတွင် လွတ်မြောက်လာမည်ဟု သတင်းများပျံ့နှံ့နေသာ AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးမှာ လွတ်မြောက်လာခြင်းမရှိသေးဘဲ နောက်လ ၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးကျော်မျိုးထွန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ တရားလိုပြသက်သေလည်း မရောက်ဘူး။ နောက်အမှုစစ်ဥပဒေအရာရှိကလည်း တရားဝင် စာမေးပွဲ ဖြေဖို့အတွက် နေပြည်တော်ကို ရောက်နေတာကြောင့် အမှုကို မစစ်ဖြစ်ဘူး။ နောက်လ ဇွန် ၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်” ဟု ပြောဆိုသည်။

ယနေ့တွင် ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ ရှစ်ဦးစလုံးကို ရန်ကုန် အနောက်ပိုင်းတိုင်းခရိုင် တရားရုံးကို ရုံးထုတ်လာပြီး အားလုံး ကျန်းကျန်းမာမာရှိသည်ဟု ၎င်းက ပြောသည်။

“ ဒီနေ့ တရားရုံးမှာ တွေ့ခွင့်ရပါတယ်။ အားလုံးကျန်းကျန်းမာမာပါဘဲ။ အားလုံးကို နုတ်ဆက်တဲ့ အကြောင်း၊ ကျန်းမာရေးစိုးရိမ်စရာ မရှိတဲ့အကြောင်း ပြောပြကြပါတယ်။ အားလုံးကျန်းကျန်းမာမာနဲ့ နောက်ရုံးချိန်းကို စောင့်နေကြပါတယ်”ဟု ရှေ့နေ ဦးကျော်မျိုးထွန်းက ပြောဆိုသည်။

AA စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးစလုံး လွတ်မြောက် လာမည်ဆို၍ အနောက်ပိုင်းခရိုင်တရားရုံးသို့  သွားရောက်စောင့်ဆိုင်းနေခဲ့သူများအထဲက လူမှုရေး လူပ်ရှားနေသူ ကိုမင်းစောမင်းက  သူတို့ မလွတ်လာသဖြင့် စိတ်ပျက်မိကြောင်း ပြောကြားသည်။

“ သူတို့ လွတ်လာမယ်ဆိုလို့ ကျွန်တော်နဲ့ ကိုမောင်ကြီးတို့နှစ်ဦး ကားနဲ့ တရားရုံးကို သွားစောင့်ပါတယ်။ လွတ်မယ်ကြားလို့ သွားကြတာပါ။ မလွတ်လာတော့ စိတ်ပျက်မိပါတယ်။ နောက် လ ၂ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်တယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။

ကိုဟိန်းဇော်မိခင်ဖြစ်သူကလည်း လွတ်မည်ဟု သတင်းကြား၍ ဝမ်းသာကြောင်း၊ အပြစ်မရှိသဖြင့် အမြန်ပြန် လွတ်ပေးစေချင်ကြောင်း ပြောကြားသည်။

၄င်းတို့ ၈ ဦးမှာ စင်္ကာပူရခိုင်အသင်းခေါင်းဆောင်များဖြစ်ကြပြီး လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့က  စင်္ကာပူပြည်ထဲရေးဌာနမှဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည်။ ပြန်ရောက်ပြီး များမကြာမီ

ဇူလိုင်လ ၁ဝ ရက်၊ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတွင်  ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

၎င်းတို့ ရှစ်ဦးစလုံးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ၅ဝ(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှ နေ၍ အမှုကို ရင်ဆိုင်နေကြရသည်။

https://www.facebook.com/narinjara.info/posts/4353162534695790

Leave a Reply

Your email address will not be published.