By Western News/ 2021 May 4

ကိုဗစ်ကပ်ရောဂါကြောင့် ၉ လကြာစစ်ဆေးမှုရပ်တန့်ထားခဲ့သည့် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါဝင် ၈ ဦး၏ အမှုအား ယနေ့ မေလ ၄ ရက်က ပထမဆုံးအကြိမ် စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဇော်မိုးကို စစ်ဆေးခဲ့ကြောင်း ရှေ့နေများကပြောသည်။
AA တပ်မှူးချုပ်၏ ညီဖြစ်သူအပါဝင် ၈ ဦး၏အမှုတွင် လိုပြသက်သေ ၁၄ ဦးရှိသည့်အနက် ၁၂ ဦးကိုစစ်ဆေးပြီးစီးခဲ့ပြီးဖြစ်ကာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လကတည်းက ကိုဗစ်ဖြစ်ပွားမှုကြောင့် ရုံးထုတ်စစ်ဆေးခြင်းကိုရပ်တန့်ထားခဲ့ခြင်းဖြစ်သည်။
ယနေ့ရုံးချိန်းကို ဗွီဒီယိုကွန်ဖရင့်ဖြင့်စစ်ဆေးခြင်းမရှိဘဲ AA တပ်မှူးချုပ်၏ ညီဖြစ်သူအပါဝင် ၈ ဦးစလုံးအားရုံးထုတ်စစ်ဆေးခဲ့ပြီး တရားလိုသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဇော်မိုးကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က Western News ကိုပြောသည်။
“ပထမတော့ ဗွီဒီယိုကွန်ဖရင့်နဲ့စစ်မယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့တရားရုံးကိုရောက်သွားတဲ့အခါမှာတော့ သူတို့ ၈ ယောက်စလုံးကို ရုံးထုတ်ထားတယ်။ ပြီးတော့ ဒုရဲမှူးဇော်မိုးကိုစစ်တယ်။ သူကတော့ ရဲလုပ်ငန်းအရ သူ့ရဲ့ဆောင်ရွက်မှုတွေကို မေးမြန်းတယ်ပေါ့။ အကုန်လုံးကတော့ ကျန်းမာရေးကောင်းမွန်ကြတယ်”ဟုပြောသည်။
ယင်းအပြင် AA တပ်မှူးချုပ်၏ ညီဖြစ်သူအပါဝင် ၈ ဦး၏အမှုအား မေလ ၁၁ ရက်နေ့သို့ထပ်မံရုံးချိန်းလိုက်ပြီး ၁၁ ရက်နေ့ရုံးချိန်းတွင် နည်းပညာကျွန်းကျင်သူ မင်းမင်းသူအား စစ်ဆေးပြီးလျှင် စွဲချက်တင်သင့်၊ မတင်သင့်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်းလည်း ရှေ့နေ ဦးအောင်ကျော်စိန်ကပြောသည်။
ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးတို့မှာပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
AA တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ ကိုအောင်မြတ်ကျော်အပါအဝင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးထိမ်းသိမ်းခံထားရ သူများမှာ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေးနှင့် ရွှေလှိုင်သန်းတို့ ဖြစ်သည်။
၎င်းတို့ ၈ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် ဒုရဲမှူးတင်ရွှေမှ တရားလိုပြုလုပ်ပြီး ရန်ကုန်တိုင်း အနောက်ပိုင်း ခရိုင်းတရားရုံးတွင်တရားစွဲဆိုထားခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတို့ ၈ ဦးအားအင်းစိန် အကျဉ်းထောင်တွင်ထိန်းသိမ်းထားသည်။
https://www.facebook.com/westernnewsagency/posts/283587980114380