By Development Media Group (DMG)/ 2021 May 18
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးမြိုတိုင်းရင်းသားကျေးရွာတွင် (၅) ကြိမ်မြောက်မြိုအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့သည်။
မြိုအမျိုးသားနေ့ကို မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဗန်းဗွီးကျေးရွာ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားနေ့အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်ပြီး မြိုတိုင်းရင်းသားစာပေယဉ်ကျေးမှု ဥက္ကဌ ဦးဇနီဖြူက ယခုလိုပြောဆိုသည်။
“မြိုလူမျိုးဆိုတာဟာ ရခိုင်ပြည်နယ်မှာ တိမ်ကောသွားတာမျိုးတွေရှိတယ်။ မြိုလူမျိုးတွေ ထင်ထင်ပေါ်ပေါ်ဖြစ်လာအောင် လုပ်ရတာ။ ဘယ်သူကမြိုလူမျိုး၊ ဘယ်သူက မြိုလူမျိုးမဟုတ်ဘူးဆိုတာ မိခင်ဘာသာစကားဖြင့် တိတိကျကျ ခွဲပြီးသိသွားရန်အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ် ” ဟု ဦးဇနီဖြူက ဆိုသည်။
ရခိုင်ပြည်နယ်တွင်ရှိသည့် တိုင်းရင်းသားလူမျိုးတိုင်းတွင် စာပေယဉ်ကျေးမှု၊ ဘာသာစကားများနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များစွာရှိနေပြီး တိုင်းရင်းသားအချင်းချင်း လေးစားချစ်ခင်သည့်အတွက် မြိုအမျိုးသားနေ့ အခမ်းအနားကို တက်ရောက်လာခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာမှ ခမီတိုင်းရင်းသား ဦးဝေစိန်အောင် က ပြောသည်။
“မျိုးနွယ်စုတိုင်းမှာတော့ ကိုယ့်မျိုးနွယ်စုနဲ့ကိုယ် အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်ရှိကြတာပဲ။ လူမျိုးတစ်မျိုးရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ပွဲတော်ကို နောက်လူမျိုးတစ်မျိုးက လာရောက်အားပေးတယ် ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် (လူမျိုး)တစ်မျိုးနဲ့တစ်မျိုး လေးစားဂုဏ်ပြုသောအားဖြင့် ကျနော်တို့က ဒီမြိုအမျိုးသားနေ့ကို လာရောက်ခြင်း ဖြစ်ပါတယ်။” ဟု ဦးဝေစိန်အောင်က ပြောသည်။
အဆိုပါမြိုအမျိုးသားနေ့ကို ရခိုင်၊ သက္ကမ(ဒိုင်းနက်)၊ ကမန်၊ ခမီ စသည့်တိုင်းရင်းသားမျိုးနွယ်စုများနှင့် အခြားသော အရပ်ဖက်အစည်းများလည်း တက်ရောက်ခဲ့ကြသည်ဟု မြိုတိုင်းရင်းသားစာပေယဉ်ကျေးမှုဥက္ကဌ ဦးဇနီဖြူက ဆက်ပြောသည်။
မြိုတိုင်းရင်းသားအများစုမှာ များသောအားဖြင့် တောင်ပေါ်ဒေသတွင် လုပ်ကိုင်စားသောက်နေထိုင်ကြပြီး တောတောင်များ တဖြည်းဖြည်း နည်းပါးလာသည့်အတွက် မူရင်းလုပ်ကိုင်စားသောက်သည့်အရာများ၊ ဓလေ့ထုံစံများမှာ တဖြည်းဖြည်းအားနည်းချက်များ ရှိလာသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
“မြိုလူမျိုးတွေရဲ့စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေက နည်းပါးလာတယ်။ ဒီလိုနည်းပါးလာတာနဲ့အမျှ ခေတ်ပညာတတ်မြောက်မှုတွေကလည်း နည်းပါးလာတယ်။ ဒီအခြေအနေကို ကျနော်တို့က ဝိုင်းဝန်းကူညီပေးကြဖို့ အရေးကြီးတယ်။ မြိုလူမျိုးတွေဆိုတာက သမိုင်းအစဉ်အဆက် ဟိုအရင်ကတည်းက နေထိုင်လာခဲ့ကျတဲ့အခါမှာ ကျနော်တို့နဲ့ ညီကိုရင်းချာတွေလည်း ဖြစ်တယ်။ သူတို့ဆီမှာ ပျောက်ကွယ်လာမယ့်အရာတွေ၊ ဆုတ်ယုတ်လာမယ့်အရာတွေကို ကျနော်တို့က ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ” ဟု ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။
မြိုအမျိုးသားနေ့ကို ၂၀၁၆ ခုနှစ်ကပင် စတင်ကျင်းပလာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ကျင်းပနိုင်ခဲ့ခြင်းမရှိပဲ ယခုနှစ်မှ ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ်တွင် မြိုတိုင်းရင်းသားများမှာ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တို့တွင် အများဆုံးနေထိုင်လျှက်ရှိကြပြီး လူဦးရေ ၄၀,၀၀၀ ခန့်သာရှိကြောင်းလည်း ဦးဇနီဖြူက ဆိုသည်။
https://www.facebook.com/dmgnewsagency/posts/2016318961853838