အမ်းမြို့နယ်မှ မိုင်းနင်းမိသည့် အမျိုးသား သွေးထွက်လွန်၍ တပ်ဆေးရုံ အရောက်တွင် သေဆုံး

By Western News/ 2021 May 15

ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်သွားသည့် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သည့်ကြောင့် သွေးထွက်လွန်၍ အမ်းမြို့နယ်တပ်ဆေးရုံအရောက်တွင်သေဆုံးခဲ့သည်ဟု မိသားစုများကပြောသည်။

သေဆုံးသွားသူမှာအသက် ၆၆ နှစ်အရွယ် ဦးကျော်ထွန်းဦဖြစ်ပြီး ၎င်းမှာ အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာမှ မိမိပိုင်ဆိုင်သည့် သီဟိုဠ် ခြံ၌ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲသွားမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားသည် အမ်းမြို့တပ်ဆေးရုံးသို့ အရောက်တွင်သေဆုံးသွားခြင်းဖြစ်သည်ဟုမိသားစုဝင်တစ်ဦးဖြစ်သည့် ကိုကျော်လင်းနိင်က ပြောသည်။

“ မိုင်းနင်းမိပြီးတော့ ခြေထောက် နှစ်ဖက်လုံးပြတ်ထွားသွားတော့ တပ်ဆေးရုံကို ဆေးကုသမှု ခံယူဖို့သွားတာ။ ကျွန်တော်တို့ ဒီကနေ ၁ဝနာရီခွဲကနေ တပ်ဆေးရုံသွားတာ။ အဲ့ရောက်တော့ ၁၂ နာရီခွဲပါပြီ။ ခြေထောက်က နှစ်ဖက်လုံးပြတ်ထွက်သွားပြီး ခရီးကလည်း ဝေးတော့ ဆေးရုံရောက်တာနဲ့ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်းကို ၎င်းတို့ကျေးရွာသို့ပြန်လည်ယူဆောင်လာပြီး မနက်ဖြန်သင်္ဂြိုလ်သွား မည်ဟု ၎င်းကပြောသည်။ သေဆုံးသူ ဦးကျော်ထွန်းဦးမှာ ယနေ့နေ့နံနက်ပိုင်းက မင်္ဂလာဒုံကျေးရွာနှင့် နတ်မော်ကျေးရွာရှိ သူ၏ သီဟိုဠ်ခြံကို လှည့်လည်ကြည့်ရှုရာမှ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း ဒါးလက်အုပ်စု၊ အနောက်ရွာအထက်ပိုင်းတစ်မိုင်အကွာ အလယ်ကျွန်း ကျေးရွာအနီးရှိ ပတ်ဝန်းကျင်၌ မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ တပ်မတော်သားတစ်ဦးဒဏ်ရာအပြင်း အထန် ရရှိသွားသည်ဟု ဒေသခံများကပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂ နှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား ၄၅ ဦးသေဆုံးခဲ့ပြီး ၉၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏မှတ်တမ်းများအရသိရသည်။ အဆိုပါစာရင်းသည် ၂၀၁၉ ခုနှစ်မှစ၍ ယခုနှစ်မေလအထိပြုစုထားသည့် စာရင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/290669052739606

Leave a Reply

Your email address will not be published.