By Development Media Group (DMG)/ 2021 May 14
ရခိုင်ပြည် အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မြေမြုပ်မိုင်းနင်းမိ၍ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦး ခြေတောက်နှစ်ဖက် ပြတ်ထွက်သွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဒါးလက်အနောက်ကျေးရွာနေ အသက် ၆၆ နှစ်အရွယ် ဦးကျော်ထွန်းဦး ဆိုသူမှာ မိမိပိုင် သီဟိုဠ်ခင်းတွင် လှည့်လည်သွားလာနေစဉ် မြေမြုပ်မိုင်းနင်းမိပြီး ခြေတောက်နှစ်ဖက် ပြတ်ထွက်သွားရခြင်းဖြစ်သည်ဟု အမ်းဒေသခံ ကိုမျိုးလွင်က ပြောသည်။
“သူ့မှာ မင်္ဂလာဒုံကျေးရွာနဲ့ နတ်မော်ကျေးရွာကြားမှာ သီဟိုဠ်ခင်းရှိပါတယ်။အဲဒီသိဟိုဠ်ခင်းမှာ သူက ချင်းတိုင်းရင်းသား လူငယ်တွေကို သီဟိုဠ်သီးကောက်ခိုင်းထားပြီးတော့ ဘယ်လောက်ရပြီလည်း ဆိုတာကို ဥယာဉ်ထဲမှာ လှည့်လည်ပြီး ကြည့်တဲ့အခါ မြေမြုပ်မိုင်းအနင်းခံရတာပါ။ခြေတောက်အောက်ပိုင်းဒူးဆစ်အောက်က နှစ်ဖက်လုံးပြတ်ထွက်သွားခဲ့ပါတယ်။သူ့ရွာနဲ့တစ်မိုင်ဝန်းကျင်လောက်သာ ဝေးပါတယ်”ဟု ကိုမျိုးလွင်က ပြောသည်။
မြေမြုပ်မိုင်းနင်းမိသည့်နေရာသည် ဒါးလက်အနောက်ကျေးရွာနှင့်တစ်မိုင်ခန့်သာဝေးပြီး၊ ၎င်းနေရာများတွင် မြန်မာ့တပ်မတော်မှ နေရာယူကာ လွှမ်းမိုးထားသည့် နေရာများဖြစ်သည်ဟု ကိုမျိုးလွင်က ပြောသည်။
ယခုအခါ ဦးကျော်ထွန်းဦးအား အမ်းဆေးရုံသို့ ယူဆောင်လာနေပြီး၊ခြေတောက်နှစ်ဖက် ပြတ်ထွက်သွားသဖြင့် အသက်အန္တရာယ်စိုးရိမ်ရသည်ဟုကိုမျိုးလွင်ကပြောသည်။
ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိအချိန်ထိ စစ်ကျန်လက်နက်များနှင့် မြေမြှပ်မိုင်းပေါက်ကွဲမှု တို့ကြောင့် အရပ်သား ၄၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2013978295421238