By Western News/ 2021 May 15
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာနေ ဦးကျော်ထွန်းဦးမှာ ယနေ့ မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ကျော်အချိန်ခန့်တွင် မိမိပိုင်ဆိုင်သည့် သီဟိုဠ် ခြံ၌ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲသွားမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးပြတ်ထွက်သွားသည်ဟု ဒေသခံများကပြောသည်။
ဦးကျော်ထွန်းဦး၏ သီဟိုဠ် ခြံမှာ မင်္ဂလာဒုံကျေးရွာနှင့် နတ်မော်ကျေးရွာ၌တည်ရှိပြီး ၎င်းခြံတွင် အလုပ်သမားများအား သီဟိုဠ်သီးကောက်ခိုင်းထားသည်ကို လှည့်လည်ကြည့်ရှု့နေစဉ်မှာ မြေမြုပ်မိုင်းနင်းမိ၍ ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။
“ ဦးကျော်ထွန်းဦးမှာ ဒီနေ့သူပိုင်တဲ့သီဟိုဠ် ခြံမှာချင်းတိုင်းရင်းသားအလုပ်သမားတွေကို သီဟိုဠ်သီးကောက်ခိုင်းထားတယ်။ အဲဒါကို ကြည့်ဖို့သွားတာ။ ခြံကိုလှည့်ပတ်ကြည့်နေရင်းနဲ့ပဲ မိုင်းနင်းမိလို့ ပေါက်ကွဲလို့ ခြေထောက်နှစ်ဖက်စလုံးပြတ်သွားတာ။ အခုတော့ ဆေးရုံကိုသွားနေတယ်”ဟု ပြောသည်။
ပေါက်ကွဲမှုဖြစ်စဉ်တွင် ဦးကျော်ထွန်းဦး တစ်ယောက်တည်းမှာ ထိခိုက်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ပြီး ကျန်သူများတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘဲ ဒဏ်ရာရရှိသူကို အမ်းမြို့တပ်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်လိုက်ကြောင်းဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင်လည်း ဒါးလက်အုပ်စု၊ အနောက်ရွာအထက်ပိုင်းတစ်မိုင်အကွာ အလယ်ကျွန်း ကျေးရွာအနီးရှိ ပတ်ဝန်းကျင်၌ မိုင်းပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ တပ်မတော်သားတစ်ဦးဒဏ်ရာအပြင်း အထန်ရရှိသွားသည်ဟု ဒေသခံများကပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ၂ နှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား ၄၅ ဦးသေဆုံးခဲ့ပြီး ၉၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏မှတ်တမ်းများအရသိရသည်။ အဆိုပါစာရင်းသည် ၂၀၁၉ ခုနှစ်မှစ၍ ယခုနှစ်မေလအထိပြုစုထားသည့် စာရင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/290581756081669