By Western News/ 2021 May 31
လက်ရှိတွင် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သည့် ဦးဥတ္တမရုပ်ထုနေရာတွင် အစားထိုးကြေးသွန်းရုပ်ထုအဖြစ်ပြန်လည်စိုက်ထူနိုင်ရန် လုပ်ဆောင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကန့်ကွက်လိုက်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ရန်ကုန်-စစ်တွေကားလမ်းဘေး အမှတ် ၃ ရပ်ကွက်တည်ရှိသည့် ဟောင်းနွမ်းပျက်စီးနေပြီဖြစ်သည့် ဦးဥတ္တမ ရုပ်ထုနေရာတွင် အစားထိုးကြေးသွန်းရုပ်ထုအဖြစ်ပြန်လည်စိုက်ထူနိုင်ရန် ကံစမ်းမဲလက်မှတ် ၁၆၀၀၀ လုပ်ထားပြီး ဖြစ်ကြောင်း အမ်းမျိုးဆက်သစ်အဖွဲ့ကပြောဆိုသည်။
ယင်းရုပ်ထုဖြစ်မြောက်ရေးလုပ်ဆောင်နေမှုနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီက အမ်းမျိုးဆက်သစ်အဖွဲ့အား ယနေ့ မေလ ၃၁ ရက်နေ့တွင် အစည်းအဝေးခေါ်ယူခဲ့ပြီးနောက် ဦးဥတ္တမကြေးသွန်းရုပ်ထု မလုပ်ရန် ကန့်ကွက်ခံလိုက်ရခြင်းဖြစ်ကြောင်း အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။
” ဒီနေ့ စီမံအုပ်ချုပ်ရေးကောင်စီရဲ့အစည်းအဝေးကို ကျမတို့ကိုဖိတ်တယ်။ ကျမတို့စာတင်ထားတဲ့အတွက် လာခဲ့ပါလို့ပြောတယ်။ ကျမတို့သွားတော့ ဒီဟာကိုခွင့်ပြုလို့မရဘူး။ ခွင့်မပြုဘူးပေါ့။ အဲလိုမျိုးပြောတယ်။ ကန့်ကွက်တာကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ တစ်ဖွဲ့လုံးကလို့ပြောရမှာပေါ့။ ဒါပေမယ့် ကန့်ကွက်သူကတော့ တပ်ရဲ့ယူနီဖောင်းနဲ့တစ်ယောက်ပဲ။ သူက စီမံအုပ်ချုပ်ရေးအဖွဲ့မှာ ဘာရာထူးယူထားလဲဆိုတာတော့ ကျမ မသိဘူး။ သူနောက်ဆုံးပြောတာက ဒီရုပ်ထုကို နင်တို့တစ်ဖွဲ့တည်းမဟုတ်ဘူး။ အခြား ဘယ်အဖွဲ့ပဲလုပ်လုပ် ငါတို့ခွင့်မပြုနိုင်ဘူးလို့ပြောတယ်” ဟုပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဌေးအောင်အား ဆက်သွယ်ရာတွင် အဆိုပါရုပ်ထုအား ကံစမ်းမဲဖောက်၍ပြုလုပ်မည်ဖြစ်သည့်အတွက် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပွားစေရန်နှင့် တခြားနည်းလမ်းများဖြင့်ပြုလုပ်ရန် ဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်းပြောသည်။
“အဲဒီရုပ်ထုကို သူတို့ကကြေးသွန်းရုပ်ထုပြန်လုပ်ချင်တယ်။ ပိုက်ဆံကမရှိဘူး။ ပြီးတော့ ကံစမ်းမဲဖောက်မယ်လို့ပြောတယ်။ ကျနော်က ပြောပြတယ် ကံစမ်းမဲဖောက်ရင် ငွေရေးကြေးရေးတွေပါလာမယ်။ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာရင်မကောင်းဘူးပေါ့။ လက်မှတ်ရောင်းပြီးပိုက်ဆံမပေးရင် ဘယ်လိုလုပ်မလဲ။ ပြီးရင် သူတို့ကြေညာထားတဲ့ သတ်မှတ်ရက်အတွင်းမှာ ကံစမ်းမဲမဖောက်နိုင် ဘယ်လိုလုပ်မလဲ။ ကျန်တဲ့နည်းလမ်းနဲ့လုပ်လို့မရဘူးလား။ ကျနော်တို့က အဲ့လိုရှင်းပြတာ။ ပြီးတော့ ဒီကိစ္စက သက်ဆိုင်ရာမြို့မိ၊ မြို့ဖတွေ၊ ဌာနဆိုင်ရာတွေ ဦးဆောင်ပြီးလုပ်ရင် ပိုသင့်တော်မယ်။ ဒါကိုကျနော်တို့က ဆွေးနွေးပေးတာ” ဟုပြောသည်။
ဆရာတော်ဦးဥတ္တမရုပ်ထုသည် အများနှင့် သက်ဆိုင်သည့်အတွက်ကြောင့် လူတစ်ဦးတစ်ယောက်တည်း ထည့်ဝင်နိုင်သည့်ငွေကြေးများဖြင့် ကူညီပေးနိုင်မည့်ပုံစံမျိုး လက်ခံမည်မဟုတ်ဘဲ ပြည်သူအားလုံးကငွေကြေးထည့်ဝင်နိုင်အောင် ရုပ်ထုတည်ဆောက်ရေးအပိုင်းတွင် ကံစမ်းမဲလက်မှတ်ရောင်းချမည့်အစီစဉ်အား ယခုကဲ့သို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု အမ်းမျိုးဆက်သစ်အဖွဲ့နာယက ကိုမျိုးလွင်က ပြောသည်။
ယင်းအပြင် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းသည် တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုတည်းမှ ဆုံးဖြတ်ခြင်းမျိုးမဟုတ်ဘဲ မြို့နယ် သံဃနာယက၊ မြို့မိ မြို့ဖ၊ မြို့သူ၊ မြို့သားများ၏ ဆုံးဖြတ်ချက်ဖြင့် မြို့နယ်သံဃနာယကမှ လုပ်ပိုင်ခွင့်အား အရပ်ဖက်အဖွဲ့ အစည်းများကို လွှဲအပ်လိုက်ကြောင်းသိရသည်။
အမ်းမျိုးဆက်သစ်အဖွဲ့၏နာယကဖြစ်သူ ကိုမျိုးလွင်က “ကံစမ်းမဲနဲ့ပတ်သက်ပြီးတော့ ဒီနေ့ အစည်းအဝေးမှာ သူပြောတာမဟုတ်ဘူး။ တပ်ကိုယ်စားလှယ်ကနေပြီးတော့ ဆရာတော် ဦးဥတ္တမကြေးရုပ်ထုကိုလုပ်ဖို့ဟာကို အစိုးရနဲ့ပဲဆိုင်တယ်။ ကျန်အဖွဲ့တွေတစ်ဖွဲ့မှ လည်းလုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ အပိုင်းကိုပြောသွားတယ်။ အဲ့ဒီတော့ ကျနော်တို့ အဖွဲ့က ပြန်မေးတာက အစိုးရအနေနဲ့ ဒီရုပ်ထုကို လုပ်ဖို့ အစီစဉ်ရှိလားမေးတဲ့အခါ သူတို့က အစိုးရကလုပ်တဲ့ အချိန်လုပ်လိမ့်မယ်ဆိုတဲ့ဟာကို ပြောတယ်” ဟုပြောသည်။
https://www.facebook.com/westernnewsagency/posts/301403664999478