By Western News/ 2021 May 22
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မတ်လ ဒုတိယအပတ်လောက်မှ စတင်ပြီး လက်ရှိအချိန်ထိ သောက်သုံးရေရှားပါးမှု အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း အမ်းမြို့ဒေသခံများမှပြောသည်။
အမ်းမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်တို့ရှိ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တို့နှင့် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် အမ်းတောင်အုပ်စုကျိန်းတော ကျေးရွာတို့မှာ အဓိကရေရှားပါးလျှက်ရှိကြပြီး ကျေးရွာသားများမှာ နွေရာသီရေရှားပါးမှုကြောင့် အနီးအနားရှိ ချောင်းများမှ ရေများကိုသာ ကျိုချက်ပြီးသောက်သုံးနေရသည်ဟု ကျိန်းတောကျေးရွာမှ ကိုသိန်းရွှေက ပြောသည်။
“ ကျွတ်တော်တို့ရွာမှာ အိမ်ခြေ ၂၀၀ ကျော် ရှိပါတယ်။ ရေအခက်အခဲနဲ့ ကြုံနေရတာပါ။ သောက်ရေဆိုရင် ၂၀ လီတာရှိတဲ့ရေသန့်ဗူး ကို ၇၀၀ နဲ့ဝယ်သောက်ရပါတယ်။ ချောင်းရေကိုပဲ့ ကျိုချက်ပြီး သောက်သုံးရပါတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ ရေကိုအလုံ အလောက်ရချင်ပါတယ်” ဟုသူကပြောသည်။
အလားတူ အိမ်ခြေ ၃၀၀ ကျော် ရှိသည့် အမ်းမြို့ မြို့သစ် ၊ အမှတ် ၄ ရပ်ကွက်တွင် ဧပြီ လအလယ်လောက်မှ စတင်ပြီး ရေရှားလာ၍ အနီးအနားတောင်ကျချောင်းရေ များကိုကျိုချက်ပြီး အသုံးပြုနေရကြောင်း ယင်းရပ်ကွက်နေ ဒေါ်ဆန်းရီက Western News သို့ ပြောသည်။
“ကျွန်မတို့ဆီမှာ သင်္ကြန် နောက်ပိုင်းတည်းက ရေရှားပါးမှုနဲ့ ကြုံနေရတာပါ။ သုံးရေအဖြစ်ကျတော့ တောင်ကျချောင်းရကိုပဲ အသုံးပြု ရတယ်။ ချောင်းရေက မသန့်ရှင်း ပေမယ့် ရေမရှိတော့ အဆင်ပြေသလိုအသုံးပြုနေရပါတယ်။ ဒေသခံတွေတော်တော်ကို အခက်အခဲဖြစ်နေကြရပါတယ်။
အမ်းမြို့ပေါ်ရှိ မြို့သစ်ရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်တို့ရှိ အမှတ် ၃၊ ၄၊ ၅ ရပ်ကွက်တို့ ၂ ရက်တစ်ကြိမ် စည်ပင်ရေလာပေးသော်လည်း အမ်းတောင်အုပ်စု ပျဥ်းတော တို့ကို မြို့နယ်စည်ပင်နှင့် ကျေးလက်ဒေသ စည်ပင်ဦးစီးဌာနမှ ၃ ရက် တစ်ကြိမ်ရေလာပေးနသည့် အတွက် သောက်သုံးရေများလည်းအလုအယက်နှင့် ရေခပ်နေရသည်ဟု ကျေးရွာဒေသခံများကပြောသည်။
အဆိုပါ ရေရှားပါးမှုှနှင့် အခက်အခဲကြုံနေရသည့် ဒေသခံများအား ရေလုံလောက်စွာ သုံးစွဲနိုင်ရန်အတွက် လက်ရှိတွင် အမ်းမြို့နယ် စည်ပင်ကော်မတီမှ စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း အမ်းမြို့နယ်စည်ပင်ဦးစီးဌာနမှ စည်ပင်ဦးစီးမှူး ဦးကျော်ကျော်နိုင် က Western News သို့ပြောသည်။
“ ကျွန်တော်တို့က မြို့ပေါ်ကိုပဲ တာဝန်ယူထားရတာပါ။ အဲ့ဒီတော့ မြို့ပေါ်ရပ်ကွက်တွေကို ၂ ရက်ခြား ၁ ကြိမ် ပေးတာတွေရှိပါတယ်။ ကျေးလက်ဒေသတွေကျတော့ ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးလို့ ကျေးလက်ရေ ဦးစီးဌာနကပဲ့ ဆောင်ရွက်ပေးပါတယ်။ ရေလုံလုံလောက်လောက် သုံးစွဲနိုင်ဖို့အတွက်ကတော့ ကျွန်တော်တို့စီစဉ်ဆောင်ရွက်နေဆဲပါ “ ဟု သူကပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးလက်ဒေသများတွင် နှစ်စဉ်ကြုံတွေ့ရသည် ရေရှားပါးမှုဒဏ်ကို အစိုးရအဆက်ဆက် ဖြေရှင်းမပေးခဲ့သည့်အတွက် နှစ်စဉ်ရေရှားပါးမှုဒဏ်ကို ပြည်သူများအလူးအလဲတွေ့ကြုံခံစားနေရသည်ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/295517808921397