အဓမ္မပြုကျင့်ခံရသည့်သမီးအတွက် ဥပဒေအရ ထိရောက်စွာအရေးယူပေးရန် မိဘများတောင်းဆို

By Development Media Group (DMG)/ 2021 May 24

ပုံစာ – အဓ္ဓမပြုကျင့်ခဲ့သည့် တရားခံ ဖူတုအာလီ ဖြစ်ပြီး ၎င်းအား တောင်ဘဇာနယ်မြေရဲစခန်းမှ ဖမ်းဆီးရရှိထားပြီဖြစ်သည်။ (ဓါတ်ပုံ – F001)

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ဘူးသီးတောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဂန္ဓာရီပရဟိတဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် ဦး ….. နှင့် ဒေါ် ….. (၆၅) နှစ်၏ သမီး မ ….. (၂၇) နှစ်မှာ အမည်မသိ မွတ်ဆလင်အမျိုးသားတစ်ဦးထံ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု မိဘများက ပြောသည်။

သမီးအတွက် များစွာထိခိုက်ခံစားနေရပြီး ထိုသူအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ဖခင်ဖြစ်သူ ဦး …… က DMG သို့ ပြောသည်။

“ကျွန်တော်တို့ သားသမီးကို ဘာကြောင့် ဒီလိုလုပ်ရတာလဲမသိဘူး။ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရလွန်းလို့ ထမင်းတောင် စားမဝင်ကြပါဘူး။ အဲ့လူကိုလည်း အရမ်းဒေါသဖြစ်တယ်။ သူ့ကို လက်ရှိ တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်။ ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၇ နာရီက မိခင်ဖြစ်သူ ဒေါ် …. (၆၅)နှစ်နှင့် သမီးဖြစ်သူ မ …. (၂၇) နှစ်တို့မှာ လက်ဝဲဒက်ပြင်ရှည်အုပ်စု၊ မော်နီကုလ်ကျေးရွာ (မွတ်ဆလင်) အနီးရှိ ၎င်းတို့ပိုင်ဆိုင်သည့် တောင်ယာခင်းသို့ ပေါင်းရှင်းမီးရှို့ရန် သွားရောက်ခဲ့သည်ဟု တောင်ဘဇာနယ်မြေရဲစခန်း မှတ်တမ်းအရသိရသည်။

၈ နာရီကျော်တွင် တောင်ယာအလုပ်လုပ်ကိုင်ပြီး ခဏအကြာ သမီးဖြစ်သူ မ …. (၂၇) နှစ်အား အရိပ်ရသည့်နေရာတွင်ထားခဲ့ကာ မိခင်ဖြစ်သူမှာ တောင်ပေါ်သို့ ပေါင်းမီးရှို့ရန် တက်သွားပြီးနောက် ၈ နာရီခွဲအချိန်၌ သမီးဖြစ်သူအော်သံကိုကြားရ၍ သမီးရှိရာနေရာသို့ ပြန်ဆင်းလာရာ အသားညိုမဲမဲ၊ အရပ်ငါးပေခန့်၊ မုတ်ဆိတ်ကျင်စွယ်ရှိ မွတ်ဆလင်အမျိုးသားတစ်ဦးမှ သမီးအား အဓ္ဓမပြုကျင့်ပြီး ထွက်ပြေးသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း မိခင်ဖြစ်သူက DMG သို့ ပြောသည်။

၎င်းတို့ သားအမိမှာ ရွာသို့ပြန်လာပြီး ရွာသူရွာသားများကိုခေါ်ယူကာ အဆိုပါနေရာသို့ သွားရောက်၍ ထိုသူအား ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းသို့ ပြန်လာကာ ကျောင်းထိုင်ဆရာတော်နှင့် ဒုက္ခသည်စခန်းတာဝန်ခံ ဦးမောင်ကန်တို့ကို တိုင်ကြားခဲ့သည်။

ယင်းမှတစ်ဆင့် ဦးမောင်ကန်မှ တောင်ဘဇာနယ်မြေရဲစခန်းမှူးသို့ ဖုန်းဖြင့်တိုင်ကြားခဲ့ပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံကြီးမှ ဆေးစစ်ချက်ရယူကာ အဆိုပါစခန်း၌ (ပ)၅/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ဖခင်ဖြစ်သူက ပြောသည်။

တောင်ဘဇာနယ်မြေရဲစခန်းမှ ဒုရဲအုပ် ခင်မောင်ထွေးဦးစီးသည့် အမှုစစ်အဖွဲ့ မှ မေလ ၂၁ ရက်နေ့က တရားခံဖမ်းမိရေး စုံစမ်းဆောင်ရွက်ရာ ရွာမကျေးရွာအုပ်စု၊ ရွာမကုန်းနားရွာ (မွတ်ဆလင်)မှ ဆွေတာမောက်၏သား သက် ၅၄ နှစ်အရွယ်ရှိ ဖူတုအာလီကို မသင်္ကာ၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ ၎င်းတို့သားအမိ (၂) ဦးကို ခေါ်ယူပြသပြီး ဖူတုအာလီမှာ အဓ္ဓမပြုကျင့်ခဲ့သူဖြစ်သည်ဟု သိရှိရကြောင်း တောင်ဘဇာနယ်မြေရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီးများမှာ လုံခြုံမှုကင်းမဲ့နေပြီး တာဝန်ရှိသူများအနေဖြင့် အမျိုးသမီးများလုံခြုံရေးအတွက် ဘက်ပေါင်းစုံမှ ပိုမိုအရေးစိုက်လုပ်ဆောင်သင့်ကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက ဆိုသည်။

“ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေက အများကြီးရှိနေနိုင်တယ်လို့ ယူဆလို့ရနေပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ အမျိုးသမီးတွေအတွက် အများကြီးစိုးရိမ်စရာဖြစ်နေပါတယ်။ အထူးသဖြင့် ဒီလိုနိုင်ငံရေးမတည်ငြိမ်တဲ့ ကာလတွေမှာ ပိုစိုးရိမ်နေရပါတယ်။ ဒါတွေကို တာဝန်ရှိတွေအနေနဲ့ ပိုပြီးအရေးစိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုဖြစ်စဉ်သည် အမှုအခင်းဖြစ်စဉ်တစ်ခုအနေဖြင့်သာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်အပေါ်လူမျိုးရေး၊ ဘာသာရေး ဖြစ်စဉ်မျိုးအဖြစ် မရှုမြင်၊ မရေးသားသင့်ကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

ထိုဖြစ်စဉ်ကို မေလ ၂၁ ရက်နေ့က DMG မှ သတင်းရေးသားဖော်ပြခဲ့ရာတွင် အချို့သော အသုံးအနှုန်းများနှင့် ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ကျူးလွန်ခံခဲ့ရသူ၏ မိခင်ကိုယ်တိုင်ပြောဆိုခဲ့သည်ကို ရေးသားခဲ့ခြင်းဖြစ်ပြီး DMG ၏ မူအရ အသုံးအနှုန်းအချို့ကိုသာ ပြောင်းလဲသုံးစွဲခဲ့ခြင်းဖြစ်ကြောင်း အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ပြောသည်။

“ ကျွန်တော်တို့ရဲ့ မူဝါဒ Policy အရ ကုလား၊ ဘင်္ဂလီ၊ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းတွေကို ရှောင်ရှားတယ်။ အဲ့ဒီအစား နှစ်ဘက်စလုံးအဆင်ပြေအောင် မွတ်ဆလင်ဆိုပြီးတော့ သုံးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး၊ လူမျိုးရေးတွေကို ရေးသားဖော်ပြနေတာ မဟုတ်ပါဘူး” ဟု ရှင်းပြသည်။

ကျူးလွန်သူ တရားခံ ဖူတုအာလီကို အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲတွင် ထိန်းသိမ်းထားပြီး အသေးစိတ်စစ်ဆေးပြီး ဖြောင့်ချက်ရယူခြင်း၊ ချုပ်ရီမန်တောင်းခံခြင်းများ ဆောင်ရွက်သွားမည်ဟု တောင်ဘဇာစခန်းမှ သိရသည်။ 

ယခင်ပြဌာန်းထားသည့် ဥပဒေအရ ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် မုဒိန်းမှု ကျူးလွန်သူကို အနှစ် ၂၀ ထောင်ဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း၊ မုဒိန်းကျင့်ခံရသော မိန်းမသည် မိမိ မယား ဖြစ်၍ အသက် ၁၂ နှစ်အောက် မဟုတ်လျှင် မုဒိန်းကျင့်သောသူကို ၂ နှစ်အထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်ဟူ၍ပါဝင်သည်။

သို့သော်  ပြင်ဆင်ပြဌာန်းလိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းမှုကျူးလွန်သူများအား အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်တစ်သက် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2020905771395157

Leave a Reply

Your email address will not be published.