By Western News/ 2021 May 7
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေများဖြင့် တရားစွဲခံထားရသူများကို တရားရုံး၌ ရုံးထုတ်စစ်ဆေးနေသော်လည်း တစ်စုံတစ်ရာအမိန့်ချမှတ်နိုင်ခြင်းမရှိသဖြင့် နစ်နာမှုများရှိနေသည်ဟု တရားစွဲခံထားရသူများ၏ မိသားစုဝင်များနှင့် အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
စစ်တွေခရိုင်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုပေါင်း ၁၉ မှုရှိပြီး တရားစွဲဆိုခံထားရသူ ၈၆ ဦးအထိရှိကြောင်းသိရသည်။ ရခိုင်ပြည်နယ်တစ်ပြည်လုံးတွင် အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၀(ဈ)၊ ၅၀(ည)၊ ၅၂(က) တို့ဖြင့်တရားစွဲဆိုထားရခြင်း ဖြစ်သည်။
ယင်းအမှုများထဲမှ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ၂၃ ဦး၏ အမှု ၃ ခုတွင် တရားလိုနှစ်ဦးက တရားစွဲဆိုထားခြင်းဖြစ်သည်။ အဆိုပါနှစ်ယောက်ထဲမှာတစ်ဦးဖြစ်သည့် ဗိုလ်ကြီးထင်လင်းမှ တရားလိုလုပ်ပြီး အကြမ်းဖျက် ဥပေဒေပုဒ်မ ၅၀(က) နှင့် စွဲဆိုခံထားရသည့်အမှုတွင် အပြီးသတ် အမိန့်ချရမည်ဖြစ်သော်လည်း အမိန့်မချဘဲကြန့်ကြာနေကြောင်း လိုက်ပါဆောင်ပေးနေသည့် ရှေ့နေက ပြောသည်။
ယင်းအပြင်ဒုရဲမှူးဇော်မျိုးဝင်းမှ တရားလိုလုပ်ပြီး လက်နက်အရေးစီပေါ်စီမံအက်ဥပဒေပုဒ်မ ၂ (၁) (က)နှင့်စွဲဆိုခံထားရသည့်အမှုတွင် စွဲချက်အမိန့်ချရမည်ဖြစ်သော်လည်းအမိန့်မချဘဲကြန့်ကြာနေသလို နောက်တစ်ခုမှုဖြစ်သည့် ဒုရဲမှူးဇော်မျိုးဝင်းမှ တရားလိုလုပ်ပြီး စွဲဆိုထားသည့် ၅၀(က) အမှုတွင်လည်း လိုပြသက်သေ ၂၀ ဦးခန့်ကိုစစ်ဆေးရန်ကျန်ရှိနေသေးသည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။
AA ဆက်စပ်သည်ဟုဆိုကာလက္ကာကျေးရွာက ၂၃ ဦးကို ပြီးခဲ့သည် ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်နေ့ဖမ်းဆီးခံရပြီး ဗိုလ်ကြီးထင်လင်းနှင့် ဒုရဲမှူးဇော်မျိုးဝင်းတို့က တရားလိုလုပ်ကာ တရားစွဲခြင်းဖြစ်သည်။ ယခုလိုအမှုများကို တစ်စုံတစ်ရာအမိန့်မချမှတ်နိုင်သည့်အတွက် တရားစွဲဆိုခံထား ရသူများမှာနစ်နာမှုများ ရှိနေသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောသည်။
”အမိန့်ချမယ့်ဟာကို အမိန့်မချဘူးဆိုတော့တရားခံတွေအတွက်နစ်နာမှု များစွာရှိတာပေါ့။ အများကြီးရှိတာပေါ့။ စီးပွားရေး၊ လူမှုရေး၊ မိသားစုစားဝတ်နေရေးကအစအများကြီးထိခိုက်တာပေါ့”ဟု ပြောသည်။
ယင်းအပြင် တရားစွဲခံထားရသူများကိုအပြီးသတ်အမိန့်မချမှတ်နိုင်သေးသည့်အတွက် ၎င်း၏တို့ကိုယ်ပိုင်လွတ် လပ်ခွင့် မိသားစုများ၏ စားဝတ်နေရေးတို့အပိုင်းတွင် များစွာနစ်နာမှုများရှိနေသဖြင့် စွဲဆိုထားသည့်အမှုများကို တရားရုံးကအမြန်ဆုံးအမိန့်ချမှတ်ပေး စေလိုကြောင်း ဖမ်းဆီးတရားစွဲခံထားရသော လက္ကာကျေးရွာမှ ကိုခင်မောင်စိုး၏ ဇနီးဖြစ်သူ ဒေါ်သန်းမရီကပြောသည်။
“အခုလိုအမိန့်မချတာကမိသားစုဝင်များအတွက်နစ်နာမှုတွေရှိတယ်။ ရုံးချိန်လာရတာသွားရတာ ၂ နှစ်ကျော်တောင်ရှိလာပြီး မိသားစုဝင်တွေလည်းမလာနိုင်တော့ဘူး။ စားဝတ်နေရေးကလည်းအဆင်မပြေဘူး။ အိမ်ထောင်ဦးစီးကိုဖမ်းထားတယ်ဆိုတော့ တော်တော်လည်းကိုခက်ခဲ့ပါတယ်။ အဲဒါကြောင့် စွဲဆိုထားတဲ့ အမှုတွေကို တရားရုံးကအမြန်ဆုံးအမိန့်ချမှတ်ပေးစေချင်တယ်”ဟု ပြောသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ လူကြီးသုံးဦးအပါအဝင် အသက်မပြည့်သေးသည့် ၂ ဦး စုစုပေါင်း ၅ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ ပြီးခဲ့သည် ၂၀၂၀ ခုနှစ် ဧပြီ ၄ ရက်နေ့က ဖမ်းဆီးပြီး ဗိုလ်ကြီးထူးနိုင်လင်းက တရားလိုလုပ်ကာ တရားစွဲဆို ခဲ့သည်။
ယင်းအမှုတွင် အကြမ်းဖက်ဖြင့်တရားစွဲဆိုခံထားရသည့် လူကြီး ၃ ဦး၏ အမှုတွင် နောက်ဆုံး စစ်ဆေးရန်ကျန်ရှိနေသည့် လိုပြသက်သေ ဗိုလ်မှူးမင်းချမ်းမွန်မှာ ရှမ်းပြည်နယ်သို့ပြောင်းရွေ့သွားသဖြင့် ကော်မရှင်နာကစစ်ဆေးပေး မည်ဖြစ်သည်ဟု ဦးအောင်စစ်မင်းက ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်ဖမ်းဆီးခံထားရသူ သာစည်ကျေးရွာမှ ဦးတင်ဖေ၏ ဦးလေးဖြစ်သူဦးအေးထွန်းသိန်းက စွဲဆိုထားသည့်အမှုကိုအမြန်ဆုံး ဆုံးဖြတ်ပေးစေချင်ကြောင်းပြောသည်။
”ကျွန်တော်တို့လိုချင်တာက တကယ်လို့များအပြစ်ရှိတယ်ဆိုရင်အပြစ်ပေးလိုက်။ အပြစ်မရှိဘူးဆိုရင်ပြန် လွှတ်လိုက်ပေါ့။ ဒီအမှုကိုတော့အမြန်ဆုံး ဆုံးဖြတ်ပေးစေချင်တယ်။ ကျွန်တော်တို့လည်းနောက်ထပ် ရုံးချိန်တွေမလာနိုင်တော့ဘူး”ဟု ပြောသည်။
https://www.facebook.com/westernnewsagency/posts/285474523259059