By Western News/ 2021 May 23
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်ဥပဒေပုဒ်မဖြင့်တရားရင်ဆိုင်နေရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာမှ ဒေသခံတစ်ဦးမှာ တရားရင်ဆိုင်နေရင်း ရိုက်နှက်ခံခဲ့ရသည့်ဒဏ်ရာကြောင့်နေမကောင်းဖြစ်လာ၍ မေလ ၂၂ ရက်ကကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များကပြောသည်။
ဆေးကုသမှုခံယူနေရသူမှာ အမ်းမြို့နယ်၊ စနဲကျေးရွာမှ ဦးညီပု အသက် ၄၅ နှစ်ဖြစ်ပြီး ဦးညီပုအပါအဝင် တစ်ရွာတည်းနေထိုင် သူများဖြစ်ကြသည့် ဦးမောင်သန်းတင်၊ ဦးမောင်သန်းမြင့်နှင့် မောင်မင်းစိုးနိုင်တို့မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်က နေအိမ်အတွင်းရှိနေစဉ်တပ်မတော်မှ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးနောက် ဦးညီပုအပါအဝင် ၄ ဦးအား အမ်းမြို့၊ ခမရ ၃၇၂ တပ်ရင်းမှ ဗိုလ်မှူးကြီးဟိန်းလွင်ထူးက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်ကကျောက်ဖြူခရိုင်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။
ဦးညီပုမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် အကျဉ်းထောင်အတွင်းတွင် မကြာခဏနေမကောင်း ဖြစ်သော်လည်း ဆေးကုသခွင့် မရရှိခဲ့ကာ ယခုအခါကျန်းမာရေးအခြေအနေဆိုးဆိုးရွားရွားဖြစ်လာ၍ ဆေးရုံတွင်တက်ရောက် ဆေးကုသခွင့် ပေးထားခြင်းဖြစ်ကြောင်း ဦးညီပု၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းနုက Western News ကိုပြောသည်။
“သူက နေလို့မကောင်းဘူး။ သူတို့ရိုက်ထား ပုတ်ထားတဲ့ဒဏ်ရာတွေကြောင့်ပေါ့။ အရိုးနာတယ်။ ရင်ဘတ်အောင့်တယ်လို့ပြောတယ်။ အခုတော့ ဓာတ်မှန်ရိုက်ထားတယ်။ အစာကြမ်းတွေတော့ မစားနိုင်သေးဘူး။ ဆေးရုံတက်ခွင့် ပေးတာကတော့ မနေ့ကပဲတက်ခွင့် ပေးတာဖြစ်တယ်”ဟုပြောသည်။
လက်ရှိအချိန် ဦးညီပုမှာ ရဲအစောင့်အကြပ်ဖြင့်ဆေးကုသမှုခံယူလျှက်ရှိကာ အမျိုးသားဖြစ်သူတရားစွဲခံထားရခြင်းကြောင့် သားသမီး ၄ ဦးဖြင့်ကြုံရာကျပန်းလုပ်ကိုင်စားသောက်နေရပြီး စားဝတ်နေရေးတွင်များစွာအခက်အခဲရှိကြောင်း ဒေါ်သန်းသန်းနုကဆက်ပြောသည်။
ဦးညီပုမှာ အကျဉ်းထောင်အတွင်းမကြာခဏနေမကောင်းဖြစ်သော်လည်းအကျဉ်းထောင်မှဆေးမှူးများဖြင့်သာ ကုသခဲ့ပြီး ယခုအခါအရိုးနာလာ၍ တက်ရောက်ဆေးကုသခွင့်ပေးထားခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်သန္တာကပြောသည်။
“ဆေးရုံတက်တာကတော့ အရိုးတွေနာလာတဲ့အတွက်ကြောင့်တက်ရတာဖြစ်တယ်။ ကျန်တာတွေကိုတော့ ထွေထွေထူးထူး ကျွန်မကိုပြောတာမရှိဘူး။ အကျဉ်းထောင်အတွင်းမှာလည်းနေမကောင်းဖြစ်တယ်လို့ သူပြောတာတော့ရှိတယ်။ သူ့ကို ထောင်ကဆေးမှူးနဲ့ဆေးကုသမှုတွေလုပ်ခဲ့တယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့၏ ၂ နှစ်ကျော်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေများဖြင့်တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရသိရသည်။
https://www.facebook.com/westernnewsagency/posts/296215845518260