သလူမော်ရွာတွင် မြေထိန်းနံရံဆောက်လုပ်ပြီး ခိုင်ခံ့မှုမရှိ၍ နံရံပြိုကျမည်ကို ရွာသားများစိုးရိမ်နေကြ

By Western News/ 2021 May 29

အမ်းမြို့နယ်၊ ဂဏန်းပြင်အုပ်စု သလူမော်ကျေးရွာတွင် ရွာကမ်းဘေးပြုလုပ်ထားသည့် မြေထိန်းနံရံမှာ ဆောက်လုပ်ပြီးစီးပြီး မြေပြန်ဖို့ခဲ့ခြင်းမရှိ၍ ယခုနှစ်မိုးရာသီအတွင်း ပြိုပျက်လာမည်ကိုစိုးရိမ်နေကြသည်ဟု ၎င်းရွာသားများ၏ ပြောပြချက် အရသိရသည်။

မြေထိန်းနံရံ၏ အောက်ခြေမှာလည်းပြိုပျက်မှုရှိနေပြီဖြစ်သည့်အတွက် မိုးတွင်းမုန်တိုင်းဒဏ်နှင့် ဒီရေတက်မှုတို့ကြောင့် ပြိုပျက်သွားမည်ကို စိုးရိမ်နေကြရကြောင်း သလူမော်ရွာမှ ဥက္ကဋ္ဌဟောင်း ဦးခင်မောင်ဝင်း ကပြောသည်၊၊

“နံရံရဲ့အောက်ခြေတွေက ပြိုနေပြီဗျ။ သူတို့ကအဲနံရံဆောက်ပြီး မြေဖို့ရမယ့်နေရာတွေကို မြေပြန်မဖို့ခဲ့ဘူး။ ခု မိုးရာသီမုန်တိုင်းဒဏ်တွေ၊ ဒီရေတွေတက်မှုတွေကြောင့် အဲနံရံကြီးပြိုကျလာမှာ ကျနော်တို့ရွာသား တွေစိုးရိမ်နေရတယ်။ အဲဒါကြီးသာ ပြိုသွားရင် အိမ်ခြေ ၇၀ လောက်ပါသွားမှာ။ ပြီးတော့တက်လာတဲ့ ရေတွေဟာလည်း မြေမဖို့ခဲ့တာကြောင့် ပြန်ကျမသွားဘဲ ကမ်းမှာပဲတင်ကျန်ပြီးရေလှောင်ထား သလိုဖြစ်နေတယ်” ဟုဆိုသည်။

၎င်းနံရံအားဆောက်လုပ်ပြီးလျှင် မြေလိုအပ်သောနေရာများ၌ မြေဖို့ရန် မြေကျင်း ၁၀၀ ကျော်ပါရှိပြီး ကုန်ကျစရိတ်အားလည်း မြစ်ချောင်းအင်းအိုင်ထိန်းသိမ်းရေးဌာနမှ ဆောက်လုပ်သည့်သူများနှင့်ညှိနှိုင်း၍ စရိတ်အားလုံး ပေးချေပြီးဖြစ်ကြောင်း ၎င်းနံရံဆောက်လုပ်စဉ် ရပ်ရွာဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေသူ ဦးခင်မောင်ဝင်း ကဆက်ပြောသည်။

နံရံဆောက်လုပ်ပြီး မြေလိုအပ်သည့်နေရာတို့တွင် မြေမထည့်ခဲ့ရခြင်းမှာ Budget (သတ်မှတ်ကုန်ကျစရိတ်) တွင်မပါ၍ဖြစ်ပြီး ရွာသားများအနေဖြင့် မြေထိန်းနံရံအားပြုပြင်လိုလျှင် ကုန်ကျစရိတ် ထပ်တင်သင့်ကြောင်း အဆိုပါနံရံစီမံကိန်းတွင် ကြီးကြပ်သူအဖြစ်တာဝန်ယူဆောက်လုပ်ခဲ့သည့် အင်ဂျင်နီယာ ဦးအောင်ကျော်စိုးမှ ပြောသည်။

“အဲနံရံက ဌာနကတာဝန်ယူပြီးဆောက်တာပါ။ မြေဖို့ ဖို့ကိစ္စက ဒေသအနေအထားနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးကို Budget ပြန်တောင်းရမေဗျ။ သူတို့ပေးထားတဲ့ Budget ထဲမှာ retaining wall(မြေထိန်းနံရံ) လုပ်မယ့်ဟာလောက်ပဲပါတယ်ဗျ။ Backfill(မြေထည့်) လုပ်မယ့်စရိတ်ကိုတော့ သူတို့ပြန်တောင်းမှရလိမ့်မယ်” ဟုဆိုသည်။

မြေထိန်းနံရံဆောက်လုပ်သည့် ကုန်ကျစရိတ်နှင့် ပတ်သက်၍ ကြီးကြပ်သူ အင်ဂျင်နီယာ အားမေးမြန်းခဲ့ရာ သိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး သလူမော်ရွာရှိ ရွာသားများအနေဖြင့်လည်း နံရံဆောက်လုပ်မှုစရိတ် အား သိရှိမှုမရှိကြောင်းသာပြောသည်။

အဆိုပါမြေထိန်းနံရံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြစ်ချောင်းအင်းအိုင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဆောက်လုပ်ပေးခဲ့ ခြင်းဖြစ်ပြီး ဆောက်လုပ်ချိန် ၁ နှစ််ကြာမြင့်ခဲ့ကာ နံရံမှာ အမြင့် ၁၁ ပေ နှင့် အလျားပေ ၅၈၀ အထိရှိကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/300054608467717

Leave a Reply

Your email address will not be published.