ဝမ်းလျှော ဝမ်းပျက်ဖြစ်၍ ၆ ဦးသေဆုံးခဲ့သည့် မွတ်ဆလင်ကျေးရွာအား ရခိုင်လူမှုအဖွဲ့အစည်းမှ သောက်ရေသန့် သွားရောက်လှူဒါန်း

By Western News/ 2021 May 30

သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်၍ ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး ကလေး ၁၀၀ ကျော်ဆေးကုသမှုခံ နေရသည့် မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု ပေါက်တော မွတ်ဆလင် ကျေးရွာကို ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ သောက်ရေသန့်သွားရောက်လှူဒါန်းခဲ့သည်။

ရခိုင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော သင်္ဂဟကမ်းလက်ရက္ခိတ အဖွဲ့မှ မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာကနေတဆင့် နဂရာကျေးရွာ အုပ်စု ပေါက်တော မွတ်ဆလင်ကျေးရွာသို့ စက်လှေဖြင့် ၂ နာရီ ကြာသွားရောက်ပြီး သောက်ရေသန့်ဗူးကြီးများသွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက “ကျနော်တို့ လူသားချင်း စာနာထောက်ထားတဲ့အနေနဲ့ သွားလှူဒါန်းတာပါ။ လီတာ ၂၀ ဆန့်ရေသန့်ဗူးကြီး ၁၅၀ ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခြေအနေက ဆိုးပါတယ်။ ကျနော်တို့ ရခိုင်ဖြစ်ခြင်း၊ ခရစ်ယာန်ဖြစ်ခြင်း၊ မွတ်ဆလင်ဖြစ်ခြင်းနဲ့ မဆိုင်ပါဘူး။ အခုအချိန်က ကျနော်တို့ ပရဟိတလုပ်နေတဲ့ အတွက်ကြောင့် ကိုယ်နိုင်တဲ့ဖက်က လှူဒါန်းပေးတာပါ” ဟုပြောသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားခြင်းသည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ကတည်းက စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး သေဆုံးသူ ၆ ဦး အထိရှိကာ ဝေဒနာပြင်းထန်သူ ၁၀ ဦးအထိရှိကြောင်း မင်းပြားမြို့နယ် ဆရာဝန်ကြီးဒေါက်တာနေဝင်းထွန်းမှ Western News ကိုပြောသည်။

ယင်းကျေးရွာတွင် သောက်သုံးရေကန် ၃ ကန်ရှိပြီး ရေကန် သုံးကန်လုံးတွင်ရေခန့်ခြောက်မှုများဖြစ်ခဲ့ကာ ပြီးခဲ့သည် ရက်ပိုင်းများက မိုးရွာသွန်းကြောင့် မသန့်ရှင်းသည့်ရေကို သောက်သုံးခြင်းကြောင့် ယခုကဲ့သို့ ဝမ်းလျှော ဝမ်းပျက်ဖြစ်ပြီးသေဆုံးရခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက Western News ကိုပြောသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားသည့် ကလေးငယ်များအား ကျေးရွာဆေးခန်းမှပြောင်းရွှေ့ပြီး မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

အဆိုပါကျေးရွာသည် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် တည်ရှိသောကျေးရွာတစ်ရွာဖြစ်ပြီး အိမ်‌ခြေ ၇၅၂ အိမ်နှင့် လူဦးရေ ၄၀၀၄ ယောက်ရှိသည့် မွတ်ဆလင်ကျေးရွာတစ်ရွာဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/300850351721476

Leave a Reply

Your email address will not be published.