ဝမ်းလျှောဝမ်းပျက် ရောဂါဖြင့် မင်းပြား( မွတ်ဆလင်)ကျေးရွာတွင် ကလေးငယ် ၆ ဦးသေဆုံး၊ ၁၀၀ ကျော်ဆေးကုသမှုခံနေရ

By Western News/ 2021 May 29

ခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု ပေါက်တော(မွတ်ဆလင်) ကျေးရွာတွင် သန့်ရှင်းမှုမရှိသည့် သောက်သုံးရေကြောင့် ဝမ်းလျှောဝမ်းပျက်ရောဂါဖြင့် ကလေးငယ် ၆ ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ဆေးကုသမှုခံနေရကြောင်း မင်းပြားမြို့နယ် ကျန်းမာရေးဌာနက Western News ကိုပြောသည်။

အဆိုပါ ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားခြင်းသည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ကတည်းက စတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး သေဆုံးသူ ၆ ဦးအထိရှိကာ ဝေဒနာပြင်းထန်သူ ၁၀ ဦးအထိရှိကြောင်း မင်းပြားမြို့နယ် ဆရာဝန်ကြီးဒေါက်တာနေဝင်းထွန်းမှ ပြောသည်။

“ဖြစ်နေတာက ၂၆ ရက်နေ့ကတည်းကလို့ပြောတယ်။ ဆရာတို့ ကျန်းမာရေးဌာနကသိတာက ၂၈ ရက်နေ့ ည ကျမှသိတယ်။ စုံစမ်းကြည့်လိုက်တော့ ဖြစ်ပွားတဲ့လူက ၁၀၀ ကျော်လောက်ရှိတယ်လို့သိရတယ်။ သေဆုံးကတော့ ၆ ယောက်ပေါ့။ အားလုံးက ကလေးတွေပါ။ ဆေးရုံတက်နေတဲ့အထဲ မှာ ၂၉ ရက်နေ့အထိတော့ ပြင်းထန်တဲ့သူက ၁၀ ယောက်လောက်ပဲရှိပါတယ်” ဟုဆိုသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ အဆိုပါကျေးရွာတွင် ယခင်ကတည်းက ကျေးလက်ကျန်းမာရေးဆေးပေးခန်းဖွင့်ထားပြီး ကျန်းမာရေးအသိပညာပေးမှုများ လုပ်ဆောင်နေကြောင်း ဒေါက်တာနေဝင်းထွန်းမှ ပြောသည်။

ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပွားသည့် ကလေးငယ်များအားကျေးရွာဆေးခန်းမှပြောင်းရွှေ့ပြီး မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နေ ဆေးရုံးတွင် ဆေးကုသခံယူနေကြသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။ သေဆုံးသည့် ကလေးငယ်များမှာ လသား အရွယ်များသာဖြစ်ပြီး ဆေးကုသခံယူနေရသည့် ကလေးများမှာ ၅ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမှ ပြောသည်။

“ဝမ်းရောဂါဖြစ်တာက ရေမသန့်ရှင်းမှုကြောင့်ပါ။ ပြီးခဲ့ရက်ပိုင်းက မိုးရွာတော့ရေကန်တွေကမသန့်ရှင်းဖြစ်သွားတယ်။ အဲ့ဒီမှာစ ဖြစ်တာ ကလေးတွေ၊ ၅ လ နဲ့ ၉ လ အရွယ်ကလေးတွေပါ။ ခုဆေးရုံတက်နေရ တာက ၂၀၀ ကျော်ရှိတယ်။ အကုန် ၅ နှစ်အောက်ကလေးတွေ ချည်းပါပဲ”ဟုပြောသည်။

အဆိုပါကျေးရွာတွင် သောက်သုံးရေကန် ၃ ကန်ရှိပြီး အိမ်‌ခြေ ၇၅၂ အိမ်နှင့် လူဦးရေ ၄၀၀၄ ယောက်ရှိသည့် မွတ်ဆလင်ကျေးရွာတစ် ရွာဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/300620481744463

Leave a Reply

Your email address will not be published.