By Western News/ 2021 May 4
နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)နှင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဦးညီပု ကို မေလ ၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးတွင် အွန်လိုင်းဖြင့် Video Conferencing ရုံးထုတ်စစ်ဆေးခဲ့သည်။
အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ ၆ ဦးထဲမှ ၄ ယောက်မြောက်ဖြစ်သည့် လိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့သော်လည်း ဦးညီပုက သူ၏ ရှေ့နေများကို လိုပြသက်သေအားတစ်စုံတစ်ရာ မေးမြန်ခြင်းမပြုပ်လုပ်ရန်ပြောဆိုခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက် ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။
”လိုပြသက်သေ တစ်ဦးကို စစ်တယ်။ နာမည်တော့ကျွန်တော်လည်း မသိတော့ဘူး။ ထွေအုပ်ကဝန်ထမ်းတစ်ယောက်ပေါ့။ ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲ သွားတယ်။ ဝန်ကြီးချုပ်ကိုယ်တိုင်က လိုပြသက်သေတွေကို မမေးတော့လို့ ပြောတယ်။ ကျွန်တော်တို့ရှေ့နေ ဘက်ကမေးစရာရှိတာမေးဖို့ သူကိုပြောပေမယ့် ဝန်ကြီးချုပ်က မေးစရာ မလိုတော့ဟုပြောတယ်”ဟုပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ရုံးချိန်တွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် စစ်တွေမြို့နယ်အထွေထွေအုပ် ချုပ်ရေးမှုးရုံးမှ ဒု-ဦးစီးဦးဝင်းမောင်ကိုစစ်ဆေးခဲ့သည်။ ၎င်းရုံးချိန်တွင် ဦးညီပုကို အွန်လိုင်းဖြင့်(Video Conferencing)နှင့်ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ၎င်းနှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့်မရရှိသရွေ့ တရားခွင်၌ တစ်စုံတစ်ရာအပြန်အလှန်မေးခွန်းထုတ်သွားမည် မဟုတ်ကြောင်းလည်း ဦးငြိမ်းချမ်းကပြောဆိုခဲ့သည်။
ယင်းအပြင် ဧပြီလ ၇ ရက်နေ့ရုံးချိန်၌လည်း ဦးညီပု၏ရှေ့နေများက ဦးညီပုနှင့်ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး ထွက်ဆိုချက်များ ရယူနိုင်ခြင်းမရှိသည့်အတွက် တရားလိုဦးကျော်သိန်းအား စစ်ဆေးမည့်ရုံးချိန်းကို ရွှေ့ဆိုင်းပေး ရန်လျောက်ထားခဲ့သော်လည်း တရားရုံးကပယ်ချခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ် တော်ရှေ့နေ ဦးအောင်စစ်မင်းကပြောဆိုခဲ့သည်။
ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်းဗွီဒီယိုတင်ခဲ့ သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။
ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်ကတပ်မတော်နှင့်ရဲတပ်ဖွဲ့တို့က ပူပေါင်းကာနေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းကနိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင်မြို့နယ်၅မြို့နယ်မှရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင်၄ ဦး၊ ဒေသခံ ၆ ဦးစုစုပေါင်း ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှဦးညီပုမှလွဲ၍ ကျန်သောသူများအားအာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/284082053398306