လက်လေးချောင်းဖြတ်လိုက်ရသည့် ရခိုင်အမျိုးသမီးအတွက် စက်ရုံမှ နစ်နာကြေး ၁၀ သိန်းပေး၊ မိသားစုမှ လက်မခံ

By Western News/ 2021 May 22

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ဖူကူယာမအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရင်းထိခိုက်မိ၍ ယာဖက်လက်လေးချောင်း ဖြတ်လိုက်ရသည့် ရခိုင်အမျိုးသမီးအတွက် နစ်နာကြေးအနေဖြင့် စက်ရုံမှ ငွေကျပ် ၁၀ သိန်းပေးသော်လည်းမိသားစုဝင်များက လက်မခံခဲ့ကြောင်း နာနစ်သူ၏ ဖခင်ဖြစ်သူကပြောသည်။

ဖြစ်စဉ်မှာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် ကြီးကြပ်သူမှ သူမ၏ မူလအလုပ်မဟုတ်သည့် တစ်ခြား အလုပ်တစ်ခု အားကူညီ လုပ်ကိုင်ခိုင်းရာမှ လိုက်တင်ကပ်သည့်စက်အတွင်းသို့ ယာဖက်လက်ဝင်ကာ ထိခိုက်မိသွားခြင်းဖြစ်သည်။ ယင်းနောက်ဒဏ်ရာအား အနီးရှိသီရိစန္ဒာဆေးပေးခန်းတွင်သွားပြသခဲ့ပြီး ထိုမှတစ်ဆင့် အင်းစိန် KBC ဆေးရုံသို့ပို့ဆောင်ကာ ခွဲစိတ်မှုပြုခဲ့သော်လည်း ဒဏ်ရာအခြေအနေ ဆိုးရွားသည့်အတွက် လက်ချောင်းများအားဖြတ်တောက်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးငယ်မှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ဘောင်းဒွတ်ကျေးရွာမှ ဖြစ်ပြီး အသက် ၂၃ နှစ်ခန့် ရှိပြီဖြစ်ပြီး ၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာလည်း ၂ နှစ်ကျော်ခန့်ရှိပြီးဖြစ်ကြောင်းသိရသည်။

လက်ချောင်းဖြတ်ထားရသည့် အမျိုးသမီးငယ်အနေဖြင့် နစ်နာကြေးသာမရလျှင်ရှေ့ရေးအတွက် အလွန်ဒုက္ခဖြစ်မည်ဖြစ်ကြောင်း သို့ဖြစ်၍ နစ်နာကြေးရရန်လိုကြောင်း ၎င်းအမျိုးသမီး၏ ဖခင်ဖြစ်သူ ဦးလှမောင် ကဆိုသည်။

“လျှော်ကြေးသာမရရင် သမီးလေးအတွက် တော်တော်ဒုက္ခဖြစ်ပါမယ်။ အဲဒါကြောင့် လျှော်ကြေး ရဖို့လိုပါတယ်။ မနေ့ကတော့ စက်ရုံကမန်နေဂျာက ဖုန်းဆက်လာတယ် ၁၀ သိန်းပေးမယ်လို့ပြောတယ်။ ဒါပေမယ့် အဲဒါကိုတော့ ကျနော်တို့လက်မခံပါဘူး။” ဟုပြောသည်။

သမီးတစ်ယောက်လက်ချောင်းများဖြတ်တောက်လိုက်ရခြင်းအပေါ် ဖခင်ဖြစ်သူအနေနှင့် အင်မတန်မှဝမ်း နည်းကြောင်း၊ တစ်ခြားမိသားစုဝင်များလည်း သူမအတွက်အလွန်စိတ်မကောင်းဖြစ်နေကြကြောင်းသူက ဆက်ပြောသည်။

ဒဏ်ရာမှာ သက်သာလာပြီဖြစ်သော်လည်း အလုပ်ချိန်အတွင်းရရှိခဲ့သည့်ဒဏ်ရာဖြစ်သောကြောင့် စက်ရုံမှနစ်နာကြေးပေးရန် မန်နေဂျာအား တင်ပြထားသော်လည်း ရရှိခြင်းမရှိသေးကြောင်း အမျိုးသမီး ငယ်အားကူညီပေးနေသည့် ရခိုင်အမျိုးသားကွန်ရက်ဥက္ကဋ္ဌ ကိုတင်ထူးအောင်ကဆိုသည်။

“နစ်နာကြေးကမရသေးဘူး။ သူတို့က လူမှုဖုံလုံရေးကသတ်မှတ်ထားတဲ့အတိုင်း လျော်ကြေးပေးမယ်လို့ တော့ပြောတယ်။ သူကတော့ ဆေးရုံကဆင်းနေပြီ ဒါပေမယ့်ဆေးသောက်နေရသေးတယ်”ဟုပြောသည်။

သူမမှာ ပြီးခဲ့သည့်မတ်လ ၃၀ ရက်နေ့တွင် စက်ရုံ၌ထိခိုက်မိခြင်းဖြစ်ပြီး လက်အခြေအနေသက်သာလျှင် အလုပ်ပြန်ဆင်းနိုင်သည်ဟု စက်ရုံမှပြောသော်လည်း အလုပ်ပြန်လုပ်ကိုင်နိုင်မည်ဟုမထင်ကြောင်း ကာယကံရှင်ဖြစ်သည့် မဦးမေဝင်းကပြောသည်။

“လက်ထိခိုက်မိတာက ၃ လပိုင်း ၃၀ ရက်နေ့ကပါ။ လက်ပြန်သက်သာရင် အလုပ်ပြန်ဆင်းလို့ရတယ်လို့ စက်ရုံကတော့ပြောထား တယ်။ ဒါပေမယ့် ဘယ်လိုလုပ် အလုပ်ပြန်လုပ်နိုင်မှာလဲ ပြတ်သွားတာကလည်း ညာဖက်လက်လေ” ဟုသူမကပြောသည်။

အမျိုးသမီးအတွက် နစ်နာကြေးနှင့်ပတ်သက်၍ အလုပ်သမားနစ်နာကြေးကော်မရှင်တွင် ဥပဒေနှင့်အညီ တောင်းခံထားကြောင်း မိသားစုဝင်များနှင့်၎င်းကိစ္စအားလိုက်ပါဆောင်ရွက်နေသည့်သူများကပြောသည်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ဖူကူယာမ အထည်ချုပ်စက်ရုံမှတာဝန်ရှိသူများကို Western News မှ ဆက်သွယ်ဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲရှိ ၂၀၁၂ ခုနှစ်ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေးဥပဒေအရ လုပ်ငန်းခွင် ဖြင့်ဆက်စပ်၍ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲမသန်စွမ်းဖြစ်သူများအတွက် ဥပဒေပုဒ်မ ၅၈၊ ဥပဒေပုဒ်မ ၆၂ (က)၊ ဥပဒေပုဒ်မ ၆၉၊ နည်းဥပဒေ ၂၀၀ တို့နှင့်အညီ နစ်နာသူ၏ အကျိုးခံစားခွင့်များကို အလုပ်ရှင်မှကျခံရမည်ဟုပါရှိသည်။

https://www.facebook.com/westernnewsagency/posts/295566192249892

Leave a Reply

Your email address will not be published.